#နိုင်ငံတကာသတင်း
◼ရုရှား၏အပြင်းအထန်တိုက်ခိုက်မှုကိုတွန်းလှန်ရင်းယူကရိန်း အက်ဖ်-၁၆ တိုက်လေယာဉ်မှူးကျဆုံး
ယမန်နေ့တွင်ရာနှင့်ချီသောဒရုန်းများ နှင့် ပဲ့ထိန်းဒုံးကျည်များ ပါဝင်ခဲ့သော ရုရှား၏ ကြီးမားသောလေကြောင်း တိုက်ခိုက်မှုအား တွန်းလှန်စဉ် အက်ဖ်-၁၆ လေယာဉ်ပျက်ကျပြီး ယူကရိန်း တိုက်လေယာဉ်မှူးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ပျက်စီးနေပြီဖြစ်သော တိုက်လေယာဉ်ကို ရပ်ကွက်တစ်ခုပေါ် ပျက်မကျရေး လေယာဉ်မှူးက ရှောင်လွှဲနိုင်ခဲ့သော်လည်း အရေးပေါ်ခုန်ထွက်ဖို့ အချိန်မမီ ဖြစ်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားသည်။
အဆိုပါလေယာဉ်မှူးက လေကြောင်း ပစ်မှတ် ခုနှစ်ခုကို ပစ်ချပြီး လေယာဉ်ပေါ်ပါ လက်နက်များအားလုံးကို အသုံးပြုခဲ့ကြောင်း နှင့် နောက်ဆုံးပစ်မှတ်အား ဖျက်ဆီးချိန်တွင် ၎င်း၏လေယာဉ် လည်း ထိခိုက်ခဲ့ပြီး အောက်သို့စတင် ထိုးဆင်းသွားခဲ့ကြောင်း ယူကရိန်းလေတပ်က တယ်လီဂရမ်ချန်နယ်ပေါ်တွင် ရေးသားသည်။
သေဆုံးသွားသော တိုက်လေယာဉ်မှူး အူစတီမင်သည် ၂၀၁၄ ခုနှစ်ကတည်း က တိုက်ပွဲများတွင် ပါ ဝင်ခဲ့ သူဖြစ်ပြီး လေယာဉ်အမျိုးအစား လေးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ခဲ့သူဖြစ်ကာ ထိုသို့ အရည် အချင်းပြည့်ဝသူမျိုးကို ဆုံးရှုံးရခြင်းအတွက် များစွာ နာကျင်ရကြောင်း ဇီလန်စကီး က ၎င်း၏ညစဉ်မိန့်ခွန်းတွင် ပြောကြားသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး က တိုက်လေယာဉ်မှူး အူစတီမင်ကို အား ချီးကျူးပြောကြားခဲ့ပြီး ၎င်းကျဆုံးပြီးနောက်မှာပင် နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်သည့် ယူကရိန်းနိုင်ငံ၏သူရဲကောင်း(Hero of Ukraine )ဆု ကို ချီးမြှင့်ခဲ့သည်။
ယမန်‌နေ့ တစ်ည တည်းမှာပင် ရုရှားက ဒရုန်းပေါင်း ၄၇၇ စီး၊ ဒုံးကျည်အမျိုးအစားပေါင်းစုံ ၆၀ ဖြင့် ယူကရိန်းကို ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်ဘက် က ပြောကြားသည်။
ယင်းအနက် ဒရုန်း ၂၁၁ စင်းနှင့် ဒုံးကျည် ၃၈ စင်းအား ယူကရိန်းဘက် က ပစ်ချခဲ့သည်။
အနည်းဆုံး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံတစ်ဝန်း နေအိမ်နှင့် အခြေခံ အဆောက်အဦးများကို ဖျက်ဆီးပစ်ခဲ့သော တိုက်ခိုက်မှုဖြစ်ပြီးနောက် ယူကရိန်း၏ လေကြောင်းကာကွယ်ရေးကို အားဖြည့်ပေးရန် ဇီလန်စကီး က ဝါရှင်တန်နှင့်အ‌နောက်တိုင်း မဟာမိတ်များအား တိုက်တွန်းပြောကြားသည်။
မြို့တော် ကိဗ်တွင် လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံများ ဆူညံသွားခဲ့ပြီးနောက် မိသားစုများက မြေအောက်ဘူတာရုံများသို့ သွားရောက်ခိုလှုံခဲ့ကြသည်။
ပိုလန်နိုင်ငံနှင့် ကပ်လျက်ရှိသော လီဗြူးပြည်နယ်၊ လီဗြူးမြို့ တွင်လည်း အရေးပါသော အခြေခံ အဆောက်အအုံများ ပစ်မှတ်ထားခံခဲ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး က ပြောကြားသည်။
အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်များကို ယူကရိန်းက ပြီးခဲ့သည့်နှစ် က စတင် အသုံးပြုခဲ့ပြီးနောက်ပိုင်း ယင်းတိုက်လေယာဉ် သုံးစီး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
၎င်းတို့တွင် ယင်းတိုက်လေယာဉ်များ မည်မျှရှိသည်ကို ယူကရိန်းက မပြောခဲ့သော်လည်း အက်ဖ်-၁၆ များမှာ ယူကရိန်းလေကြောင်း ကာကွယ်ရေးတွင် အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
သတင်း-ရဲမင်း

image