🌿🌿အိပ်မပျော် ဖြစ်တတ်သူများအတွက် အစာလည်းဆေးလည်းအစာဆိုတဲ့ ဒန့်ကျွဲရွက်🌿🌿🌿 
ဒန့်ကျွဲပင်၏ ရွက်နုများကို ရေနွေးဖြင့်ပြုတ်ပြီး သုပ်စားသည်ကို "မိုးကျလက်ဖက်သုပ်" ဟုလည်းခေါ်ကြသည်။ ဒန့်ကျွဲရွက်အနုများကို ပြုတ်ကာ ပါးပါးလှီးပြီး ဆီချက်၊ ပဲမှုန့်၊ ကြက်သွန်နီ၊ မြေပဲ တို့ထည့်ကာ သုပ်စားခြင်းဖြစ်သည်။ သံပုရာသီးလေးညှစ်ထည့်ပြီး ငရုတ်သီးစိမ်းလေးညှပ်ထည့်လိုက်ပါက အနံ့မွှေးမွှေးလေးနဲ့ဖြစ်ပြီး အရသာကလည်း လက်ဖက်လို မဖန်တော့သောကြောင့် ဗိုက်မနာ၊ ဗိုက်မအောင့်တော့ပေ။ 
   'အစာလည်းဆေး၊ ဆေးလည်းအစာ' ဆိုသလို အပန်းမကြီးပါက ဒန့်ကျွဲရွက်ကို တစ်ပတ်လျှင် (၂)ရက်လောက် တို့စရာအဖြစ်လည်း စားသင့်ကြောင်း သိရပါသည်။ 
   တောလက်ဖက်၊ နိဗ္ဗိန်နလက်ဖက်ဟု အမည်တွင်ကြသော လက်ဖက်ကိုလည်း ဒန့်ကျွဲရွက် (ခေါ်) မိုးကျလက်ဖက်ရွက်ဖြင့် လက်ဖက်နှပ်သလို ပြုလုပ်ကြကြောင်း သိရပါသည်။ နိဗ္ဗိန်နလက်ဖက် (ခေါ်) တောလက်ဖက်သုပ်ကို သီလရှင်ဆရာလေးတွေက အစပြုသုပ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဆရာလေးတွေက သူတို့ကျောင်းကိုလာသော ဧည့်သည်များကို သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ တောလက်ဖက်ခြောက်နဲ့ ဧည့်ခံရာကနေစပြီး 'တောလက်ဖက်' ကို တွင်တွင်ကျယ်ကျယ်စားသုံးလာကြပါသည်ဟု သိရပါသည်။ 
   တောလက်ဖက်မှာ မိုးကျလက်ဖက်ရွက်ကို ခူးပြီးရေစင်အောင်ဆေး၊ ရေနွေးနဲ့ပြုတ်ပြီးဖက်နဲ့ထုပ်ကာနှီးလေးတွေနဲ့ စည်းနှောင်ထားတာပါ။ ပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားရပါသည် (သို့) မထည့်လျှင် ရေစိမ်ထားရပါသည်။ ဆိုးဆေးလုံးဝမပါ၊ သဘာဝအတိုင်းဖြစ်ပြီး တောလက်ဖက်သုပ် သုပ်စားမယ်ဆိုလျှင် လက်ဖက်သုပ် သုပ်စားသလိုမျိူးပါပဲ။ ဒါပေမဲ့ သူကတော့ ကြက်သွန်နီကိုပါးပါးလှီးထည့်ရပြီး ကြက်သွန်နီ များလေ စား၍ ပိုကောင်းလေဖြစ်သည်။ ငရုတ်သီးစိမ်း၊ သံပုရာသီးလေးညှစ်ထည့်ပါက ပိုမိုအရသာရှိပြီး လက်ဖက်လို မဖန်တော့ပါ။ ဒန့်ကျွဲရွက်ရှိရင် အရသာရှိလှတဲ့ တောလက်ဖက်သုပ်ကိုလုပ်စားနိုင်ပါပြီ။ 
ဒန့်ကျွဲရွက်ကို ပြုတ်စား၊ သုပ်စားခြင်းဖြင့် အောက်ပါအကျိူးကျေးဇူးများပါ ရရှိလာနိုင်ကြောင်းသိရပါသည်။ 
၁။ အိပ်မပျော်သူများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။ 
၂။ နှလုံးခုန်၊ ရင်တုန်၊ မောပန်းတာကို သက်သာစေပါသည်။ 
၃။ အဆီကျစေပါသည်။ 
၄။ ဆီး၊ ဝမ်း မှန်သည်။ 
၅။ သွေး၊ လေ ခြောက်ခြားခြင်းကို သက်သာစေသည်။ 
၆။ စိတ်ကြည်လင်စေသည်။ 
၇။ အားနည်းသောဝေဒနာကို သက်သာစေသည်။ 
၈။ သွေးတိုးကျစေသည်။ 
၉။ သည်းချေပျက်တာကို သက်သာစေပါသည်။ 
အထက်ပါရောဂါများကို ဒန့်ကျွဲရွက် (၃)ခွက် ရေ(၁)ခွက်တင်ကျိူပြီး သကြားလေးနဲ့သောက်ပါက သက်သာပျောက်စေသည်ဟု ဖတ်မှတ်ရဖူးပါသည်။ 
အရှင်နာဂသိမ်ဆေးကျမ်းတွင် 
ဆီးဝမ်းကို ရွှင်စေ၏၊ နှလုံးကို အကျိုးပြု၏၊ အေး၏၊ ပန်းနာ ရင်ကျပ် ၊ဒူးနာ၊ ပွေးနာ ပိုးတို့ကို ဖျက်စီးတတ်၏၊ အစေ့သည် ပူ၏၊ ခါးသက်၏၊ ဒူးနာ ယားနာ ပွေးနာ အဆိပ်သင့်နာ လေနာ ဂူလုံးနာ ချောင်းဆိုးရောဂါ ပိုးနာ ပန်းနာများတွင်အကျိုးရှိ၏၊ အရွက်သည် ကြေကျက်လွယ်၏ သည်းခြေဒေါသကိုဖြစ်စေ၏ သလိပ်နာ လေနာ ပွေးနာ အရေပြားရောဂါချောင်းဆိုး ပန်းနာ ရင်ကျပ် ကင်းဝေးအောင်ပြုတတ်၏၊ 
အသုံးပြုပုံ၊  
အရွက်ကို ဟင်းချက်စားခြင်း အစေ့ကို သံပုရာရည်နှင့်ကြိတ်၍လိမ်းခြင်းဖြင့် အရေပြားရောဂါပျောက်စေ၏၊ 
 အစေ့ကို သွေး၍ကွင်းခြင်း အစေ့ကိုကျို၍သောက်ခြင်းဖြင့် မျက်စေ့ ပိုးထခြင်း ယားခြင်းကိုပျောက်စေပါသည်၊  
အနာများ ငန်းမန်းလိုက်၍ရောင်ခြင်း ရိုးရိုးဖောရောင်ခြင်း တွင် အစေ့ကို သောက်ခြင်း လိမ်းခြင်းဖြင့် သက်သာစေ၏  
Ref: အစိမ်းရောင်လမ်း ဆောင်ပါး 
အရှင်နာဂသိမ် ပုံပြဆေး အဘိဓာန်