"တချို့အချစ်တွေကလူချင်း 
မဆုံစည်းဖြစ်ခဲ့ကြပေမယ့် ... 
မချစ်ခဲ့ကြတာလားဆိုလည်းမဟုတ်ဘူး 
မချစ်ကြတော့တာလည်းမဟုတ်ပြန်ပါဘူး ... 
အဲ့လူဘဝထဲမှာ  
တစ်စုံတစ်ယောက်ဟာတိတ်ဆိတ်စွာဖြင့် 
ထာဝရ ရှင်သန်သွားတော့တာပါပဲ..." 
" ကျွန်မ သိချင်လှပါရဲ့ 
မောင် ကျွန်မအပါးမှ ထွက်ခွာခဲ့စဉ်က  
မောင့် ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား ။ 
တွန့်ဆုတ်ခဲ့သေးလား ၊ ဝေခွဲရခက်ခဲ့သေးလား ။  
နည်းနည်းလေးဖြစ်ဖြစ်လေ ။ " 
" ဒါဟာ အချစ်လား မဟုတ်ပါဘူးနော်  
   ဒါဟာ မေတ္တာသာ ဖြစ်ပါသည် "  
နှလုံးသားရဲ့အလိုဆန္ဒ ကို ဦးနှောက်ရဲ့ ထိန်းချုပ် 
မှုကြောင့် ရပ်တန့်ပစ်လိုက်ရတဲ့အချိန်တိုင်း  
အမှတ်ရနေမိတဲ့ ဇာတ်ကောင်ဟာ  
" အင်ကြင်းဝေ " တဲ့ ။   
ဧရာဝတီမြစ်ရေလျှံတဲ့နေ့မှာ စတွေ့ခဲ့ကြတဲ့  
ဆုံတွေ့မှုတစ်ခု ။ ချောင်းထဲကျသွားတဲ့  
စာအုပ်လေးကို လိုက်ဆယ်ပေးခဲ့တဲ့ ကလေးလေး 
တစ်ယောက် နဲ့  ကလေးလေးခြေထောက် ငုတ်စူးသွားလို့ စိတ်ပူခဲ့တဲ့ အသက် ၇ နှစ်ကြီးတဲ့  
ကလေးမလေးတစ်ယောက် ။ 
မောင်သက်ဝေ နဲ့ အင်ကြင်းဝေ တဲ့ ။ 
"အင်ကြင်းဝေ"ဆိုတာ စိတ်ပညာကိုလေ့လာနေတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ သမီး ။  
"မောင်သက်ဝေ"လေးက အမေမရှိတော့ဘဲ ဘုန်းကြီးကျောင်းမှာကပ်နေရတဲ့ ကလေးလေး ။ 
ပိုးတုံးလေးကနေ လှပတဲ့လိပ်ပြာကလေး  
ဖြစ်အောင် မောင်သက်ဝေ ဘဝကို ပြောင်းလဲ 
ပေးချင်တဲ့ အင်ကြင်း ။ စိတ်နှလုံးသားနူးညံ့အောင် ကဗျာတွေ စာတွေပေးဖတ် ပြောပြပြီး  
လူတော်လေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ အင်ကြင်း။မောင်လေးတစ်ယောက်လို  
ချစ်မြတ်နိုးစွာဂရုစိုက်ပြုစုခဲ့တဲ့ အင်ကြင်း ။  
" မမ ကျနော် မမနဲ့ မင်္ဂလာဆောင်ချင်လိုက်တာ " 
" မမ နဲ့ ကျနော် တစ်အိမ်တည်းနေရရင်  
ကောင်းမှာပဲနော် " 
အဖေရဲ့ မေတ္တာအကြင်နာကို မရခဲ့တဲ့  
သက်ဝေဟာ အင်ကြင်းရဲ့ အကြင်နာတွေကို  
ခံစားခဲ့ရပါတယ် ။ အဲ့ဒါကြောင့် သူ သိပ်ချစ်ရတဲ့သူဟာ မမ ။   
မမ အင်ကြင်းကို တွေ့ချင်လို့ အင်ကြင်းတို့ 
အိမ်နားက ပွဲရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့တဲ့  
သက်ဝေ ။ 
" ဘာဖြစ်လို့ ဂုဏ်ရောင်လမ်းက ပွဲရုံတွေမှာ ကျွန်ခံချင်ရတာလဲဆိုရင် မမရဲ့ အိမ်ရှိလို့ပေါ့ " တဲ့လေ ။ 
အင်ကြင်းကို မမတစ်ယောက်ထက် ပိုပြီး  
ချစ်မိခဲ့တဲ့ မောင်သက်ဝေ ။ မမဟာ သူ့အတွက်အစစအရာ ဂရုစိုက်ပေးခဲ့တော့ ပြန်ချစ်မှာပဲ  
ထင်ပြီး မမဖြစ်စေချင်သလို ပညာတတ်ဖြစ်အောင် အင်္ဂလိပ်စာကျွမ်းအောင် လုပ်ခဲ့တာ ။ 
မောင်လေးတစ်ယောက်လို ချစ်မိရာက  
သည်ထက်ပိုပြီး ချစ်မိဖို့ရာ ရှေ့ဆက်မတိုးရဲတော့တဲ့ အင်ကြင်း ။  
" ကိုယ့်ထက် အသက်ငယ်တဲ့သူတွေကို  
မချစ်ရဘူးတဲ့ ။ သမီးနဲ့သူဟာ မထိုက်တန်ဘူး ။ " 
ပတ်ဝန်းကျင်နဲ့ ကိုယ် ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေကြားမှာ ရှေ့ဆက်မရတော့တဲ့ အဖြစ် ။  
သိပ်ကို နာကျင်စရာ ကောင်းလှပါတယ် ။ 
မမက လာဗင်ဒါပန်းကြိုက်တယ်ဆိုလို့ လာဗင်ဒါပန်းခင်းဆီအရောက်ပို့ပေးခဲ့တဲ့ မောင်လေး ။ 
မောင်လေးဘဝကို မြင့်စေချင်တယ်ဆိုလို့  
အမွှေးရနံ့ကုထုံးပညာရှင်ဖြစ်တဲ့အထိ မမ ဖြစ်စေချင်သလို ကြိုးစားခဲ့တဲ့ မောင်လေး ။ 
မေတ္တာ နဲ့ ချစ်ခြင်းကြားက အလွှာလေး ။  
ဒီအလွှာလေးကို မကျော်နိုင်လို့ ရပ်တန့်လိုက်ရတဲ့ အချစ်တစ်ခုလေ ။ ဒီအဖြစ်ကို မမေ့နိုင် ဘယ်တော့မှ မမေ့ ။  
ချစ်နေပေမဲ့ မေတ္တာပါလို့ ခေါင်းစဉ်းပြောင်းတပ်ပြီး နေရတာ ဘယ်လောက် အသည်းနှလုံးက နာကျင်စရာကောင်းပါလိမ့် ။ အင်ကြင်းဝေ ရဲ့ ခံစားချက်ကို ရင်နာနာနဲ့ နားလည်ခဲ့ရတာ ။ 
လာဗင်ဒါပန်းခင်းတွေမြင်တိုင်း ချစ်နေပေမဲ့  
မဆုံဖြစ်ခဲ့ကြတဲ့ သက်ဝေ နဲ့ အင်ကြင်းတို့ကို  
မြင်ယောင်နေမိတော့တာ ။ 
" တချို့အချစ်တွေက မဆုံစည်းခဲ့ကြပေမယ့် 
မချစ်ခဲ့ကြတာ မဟုတ်ပါဘူး "  
ဖတ်မိတိုင်း ရှေ့ဆက်မတိုးနိုင်တဲ့ အင်ကြင်းဝေရဲ့ အဖြစ်ကိုသိပြီး စိတ်မောခဲ့ရတာ ။ တခါတခါ အင်ကြင်းဝေရဲ့ ခံစားချက်ကို နားလည်ပြီး တခါတခါ ချစ်နေတာပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်နေပါနဲ့လို့ ပြောချင်နေမိတာ ။ ဒါပေမဲ့  
ဒီလိုလုပ်ဖို့ကလည်း သိပ်ကို ခက်ခဲလှပါတယ် ။  
" မနက်လည်းဆုံ ညလည်းဆုံ ဆုံနေရက်နဲ့လွမ်းလေခြင်း "  
#ဂျူး  
#ဆုံနေရက်နဲ့လွမ်းလေခြင်း 
Lwin's Books Diary  
Khant Hmu Lwin