8 ပတ် - ဘာသာပြန်ပါ။

ဖောင်းပြင်မှာ ရေကြီးမှုကြောင့် အိမ်ထောင်စု ၁၄ စု အရေးပေါ် ရွှေ့ပြောင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး အိမ်ထောင်စု ၁၄ စု ဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ မြို့နယ်မီးသတ်စခန်းက သိရပါတယ်။
လက်ရှိမှာ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ကျော်လွန် ရောက်ရှိနေပြီး မနေ့ ဇွန် ၂၇ ရက်၊ မနက်ပိုင်းမှ စတင်ကာ ရပ်ကွက်တချို့နဲ့ ကျေးရွာတွေအတွင်း ရေဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
“မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်တာပါ။ ဘယ်ရပ်ကွက်နဲ့ ကျေးရွာတွေဖြစ်တယ် ဆိုတာကတော့ မသိရသေးပါဘူး။ အိမ်ထောင်စုကတော့ ၁၄ စု ရှိပါတယ်။ သူတို့နဲ့ နီးစပ်ရာ ရေလွတ်ကင်းတဲ့ ဆွေမျိုးတွေအိမ်ကို ပြောင်းရွှေ့ပေးခဲ့ရတာပါ” လို့ ဖောင်းပြင်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၃၂၅ စင်တီမီတာဖြစ်ပြီး ဒီကနေ့ ဇွန် ၂၈ ရက်၊ မနက်ပိုင်း တိုင်းတာချက်အရ ၁၃၄၆ စင်တီမီတာကို ရောက်ရှိနေတဲ့အတွက် စိုးရိမ်ရေမှတ်အထက် ၂၁ စင်တီမီတာ ကျော်လွန် ရောက်ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် မိုးဆက်လက် ရွာသွန်းပါက မြစ်ကမ်းနံဘေး ကျေးရွာတွေဟာ စိုးရိမ်ဖွယ်အခြေအနေ ရှိလာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိပြု နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဒေသခံတယောက်က “လောလောဆယ်တော့ ချင်းတွင်းမြစ်ရေ ရေတက်နှုန်း တန့်နေတယ်။ ရေတိုးတာ ရပ်သလောက် ဖြစ်သွားပါပြီ။ မိုးအားကလည်း လောလောဆယ် နည်းနေတယ်။ ဒါပေမယ့် မြစ်ရေက ဆက်တက်နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုး/ဇလက ကြေညာထားတော့ စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးဘူးပေါ့” လို့ ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇွန် ၂၈ ရက်၊ နေ့လယ်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက် တရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊‌ မုံရွာ စတဲ့ မြို့နယ်တွေမှာလည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပြီး ဟုမ္မလင်းမြို့မှာတော့ လက်ရှိမှာ မြစ်ရေ ပြန်ကျနေတယ်လို့ သိရပါတယ်။
အဆိုပါ ချင်းတွင်းမြစ်ရေဟာ ဧရာဝတီမြစ်ထဲ ပေါင်းဆုံ ဝင်ရောက်တဲ့အတွက် ချင်းတွင်း - ဧရာဝတီ ပေါင်းဆုံတဲ့ ဧရာဝတီမြစ် အောက်ဘက်ရှိ မြို့နယ်တွေဟာ နောက်ပိုင်းမှာ ဧရာဝတီမြစ်ရေကြီးမှု အန္တရာယ် ကျရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောဆိုထားပါတယ်။
ဧရာဝတီမြစ် အထက်ပိုင်းမှာတော့ မန္တလေးမှစပြီး အောက်ဘက်တလျှောက်ရှိ မြို့နယ်တွေ အထူးသတိပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ မိုးလယ်ကာလအတွင်း မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအနေနဲ့ ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်နဲ့ ဆိပ်သာမြို့တို့မှာ တကြိမ်ခန့်စီ၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ နှစ်ကြိမ်ခန့်စီနဲ့ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက် ကျော်လွန် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တို့မှာ တကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ တကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ တကြိမ်ခန့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အလားတူ စစ်တောင်းမြစ်ရေဟာလည်း တောင်ငူမြို့မှာ တကြိမ်ခန့်နဲ့ မဒေါက်မြို့မှာ နှစ်ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ တကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ တကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ နှစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ နှစ်ကြိမ်ခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ငဝန်မြစ်ရေဟာလည်း ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တို့မှာ တကြိမ်ခန့်စီ၊ တိုးမြစ်ရေ မအူပင်မြို့မှာ တကြိမ်ခန့်၊ ဘီးလင်းမြစ်ရေ ဘီးလင်းမြို့မှာ တကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

image