#ပြည်တွင်းသတင်း
◼မိုးကုတ်မြို့တွင် ရေပြန်ကျသွားသော်လည်း နုံး၊အမှိုက်များတင်ကျန်မှုကြောင့် သွားလာရေးအဆင်မပြေသေးဟုဆို
မန္တလေးတိုင်းမိုးကုတ်မြို့တွင် ယနေ့(ဇွန်၂၈ ရက်)နံနက်ပိုင်းတွင်ရေပြန်ကျသွားသော်လည်းနုံးနှင့်အမှိုက်များ တင်ကျန်ခဲ့မှုကြောင့် ဒေသခံများသွားလာရေးအဆင်မပြေသေးကြောင်း မိုးကုတ်မြို့နယ် ဒေသခံများထံမှသိရသည်။
မိုးကုတ်မြို့တွင် ယမန်နေ့(ဇွန် ၂၇ ရက်) နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့်အတွက် မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရှူးခြံ၊ စျေးသစ်နှင့် မြို့လယ်ရပ်ကွက်များအပြင် အနိမ့်ပိုင်းနေထိုင်သည့်ဒေသခံများကို ရေဘေးလွတ်ရာသို့ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
"အမြင့်ပိုင်းရပ်ကွက်တွေတောင််ရေက နှစ်ပေကျော်လောက်ဖြစ်သွားတာ။ အနိိမ့်ပိုင်းရပ်ကွက်တွေဆိုပိုဆိုးတာပေါ့။ အခုတော့မိုးလည်းမရွာတော့ ရေကအမြင့်ပိုင်းရပ်ကွက်တွေတော့ ကျသွားပါပြီ။ အနိမ့်ပိုင်းတွေတော့ရေကျန်ပါသေးတယ်။ အခုရေကျသွားတဲ့ ရပ်ကွက်တွေမှာလည်းနုံးတွေ တင်ကျန်နေလို့သွားလာလို တောင်အဆင်မပြေလို့ အခုရှင်းလင်းနေပါတယ်" ဟု မိုးကုတ်မြို့နယ်မှဒေသခံတစ်ဦးကပြောသည်။
မိုးသည်းထန်မှုကြောင့် အချို့နေရာများတွင် နှစ်ပေကျော်အထိ၊ အနိမ့်ပိုင်းတွင် သုံးပေကျော်ထိရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး လက််ရှိ ရေနီချောင်းအနီး နေရာအချို့တွင် ရေတင်ကျန်နေလျက်ရှိကြောင်း သိရသည်။
သတင်း - ပိုင်လေး


