#နိုင်ငံတကာသတင်း
◼သန့်စင်ပြီးသားယူရေနီယံများ လအနည်းငယ်အတွင်းအီရန် ထပ်ထုတ်နိုင်မည်ဟု ကုလပြော
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ နျူကလီးယားစခန်း အများအပြား ပျက်စီး သွားခဲ့သော်လည်း လအနည်းငယ်အတွင်းမှာပင် သန့်စင်ပြီးသား ယူရေနီယံများကို အီရန်က ထပ်မံထုတ်လုပ်နိုင်လိမ့်ဟု ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်စိစစ်ရေးအဖွဲ့ အကြီးအကဲ ရာဖေးလ်ဂရော့စီ က အား ကိုးကား၍ အမေရိကန် စီဘီအက်စ် သတင်းဌာနက ဖော်ပြသည်။
နျူကလီးယားလက်နက် တည်ဆောက်ခြင်းမှ တားဆီးရန် ရည်ရွယ်သည်ဟုဆိုကာ အီရန်နျူကလီးယားနှင့် စစ်စခန်းများအား ဇွန်လ ၁၃ ရက်မှ စ၍ အစ္စရေးက လေကြောင်း စစ်ဆင်ရေးကို စတင်ခဲ့သည်။
အီရန်ကမူနျူကလီးယားလက်နက်ပိုင်ဆိုင်လိုသော ရည်ရွယ်ချက် မရှိကြောင်း အစဉ်အဆက်ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် အမေရိကန်က တီဟီရန်၏ အဏုမြူအစီအစဉ်တွင် အသုံးပြုနေသော အရေးပါသည့် စခန်းသုံးခုအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အမေရိကန်က ဗုံးကြဲပြီးနောက် နျူကလီးယားစခန်းများ၏ ပျက်စီးမှုအတိုင်း အတာ ကြီးမားသော် လည်းအသေးစိတ်မသိရသေးကြောင်း အီရန်နိုင်ငံ ခြား ရေးဝန်ကြီး အဘက်စ် အာရက်ချီ က ပြောကြားသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်နျူကလီးယားအစီအစဉ်အား ဆယ်စုနှစ်များစွာ နှောင့်နှေးစေခဲ့ကြောင်း ပြောကြားသည်။
သို့ရာတွင်အချို့စခန်းများမှာ အကောင်းအတိုင်း ကျန်ရှိခဲ့ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ( IAEA ) အကြီးအကဲ မစ္စတာ ဂရော့စီက ပြောသည်။
“ လအနည်းငယ်အတွင်းမှာပဲ တချို့ သန့်စင်စက်တွေ လည်ပတ်ပြီး သန့်စင်ပြီးသား ယူရေနီယံ တွေ ထွက်လာမယ်လို့ ပြောချင်ပါတယ်။” ဟု ယမန်နေ့က ထွက်ပေါ်လာသော အင်တာဗျူး ကောက်နုတ်ချက်များတွင် ဂရော့စီ က ဆိုသည်။
အီရန် က ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီးသား ယူရေနီယံ ၄၀၈ ဒသမ ၆ ကီလိုဂရမ်ကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်ကာ ယင်း သန့်စင်မှုမှာ အရပ်ဘက်သုံးထက် ကျော်လွန်သော်လည်း လက်နက်ထုတ်နိုင်သည့်အဆင့်ထက်မူ လျော့နည်းသည်။
သို့ရာတွင်၎င်းတို့အား ထပ်မံ သန့်စင်လိုက်ပါက နျူကလီးယားဗုံးကိုးလုံး ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် အဆိုပါ သန့်စင်ပြီးသားယူရေနီယံများ မည်သည့်နေရာ ရောက်နေသည်ကို မိမိတို့ မသိကြောင်း ဂရော့စီ က ဝန်ခံခဲ့သည်။
“ဆိုတော့ တချို့လည်း တိုက်ခိုက်မှုအတွင်းမှာ ပျက်စီးသွားတာဖြစ်နိုင်တယ်။ တချို့ကိုလည်း နေရာပြောင်းထားတာ ဖြစ်နိုင်တယ်။ တစ်ချိန်ချိန်မှာတော့ ရှင်းလင်းပြောကြားချက် ရှိလာရမှာပေါ့။” ဟု ဂရော့စီ က ပြောသည်။
လောလောဆယ်တွင်မူ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ( IAEA )နှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆိုင်းငံ့ထားရန် အီရန်လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ထားကာ ပျက်စီးသွားသောစခန်းများအား သွားရောက်ကြည့်ရှုခွင့်အတွက် ဂရော့စီ၏ တောင်းဆိုမှုကိုလည်း အီရန် က ပယ်ချထားကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား- AFP
