#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဗြိတိန် လေယာဉ်တင်သင်္ဘော စင်ကာပူသို့ ရောက်ရှိနေ
ဗြိတိန်လေယာဉ်တင်သင်္ဘောတစ်စင်းသည် ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယားနှင့် အခြားနိုင်ငံများပါဝင်မည့် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ရန် အင်ဒို-ပစိဖိတ်ဒေသ၌ ရှားရှားပါးပါးတပ်ဖြန့်မှုအဖြစ် စင်ကာပူနိုင်ငံသို့ ဇွန် ၂၄ ရက်က ဆိုက်ရောက်နေသည်။
ဗြိတိန်လေယာဉ်တင်သင်္ဘော အိတ်ချ်အမ်အက်စ် ပရင့်စ်အော့ဖ်ဝေးလ် သည် တရုတ်လေယာဉ်တင်သင်္ဘောနှစ်စင်း ဒေသတွင်း၌ တစ်ပြိုင်နက် စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက် သီတင်းအနည်းငယ်အကြာတွင် စင်ကာပူသို့ ရောက်ရှိလာခြင်းဖြစ်သည်။
တရုတ်၏စစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံက ကန့်ကွက်ခဲ့သည်။ ဗြိတိန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့တပ်မှူး ဂျိမ်းစ်ဘလက်မိုးက တရုတ်နှင့်ပဋိပက္ခဖြစ်ရန် မမျှော်လင့်ကြောင်း၊ ဗြိတိန်ရော တရုတ်ပါ နိုင်ငံတကာပင်လယ်ပြင်တွင် သင်္ဘောများ ခုတ်မောင်းခွင့်ရှိကြောင်း ပြောသည်။
ဗြိတိန်စစ်သင်္ဘောတစ်စင်း ထိုင်ဝမ်ရေလက်ကြားကို လွန်ခဲ့သည့် သီတင်းပတ်က ဖြတ်သန်းခဲ့မှုသည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေသည့် ရည်ရွယ်ချက်ရှိသောလုပ်ဆောင်မှုဟု တရုတ်က ဝေဖန်ပြောဆိုထားသည်။
စင်ကာပူတွင်ဆိုက်ရောက်နေသော အိတ်ချ်အမ်အက်စ်ပရင့်စ်အော့ဖ်ဝေးလ် သည် ဘောလုံးကွင်းသုံးကွင်းစာနှင့်ညီမျှသော ကုန်းပတ်ပါရှိပြီး ဗြိတိန်ရေတပ်၏ အကြီးဆုံးသင်္ဘောများအနက် တစ်စင်းဖြစ်သည်။
ဘီဘီစီ
