8 ပတ် - ဘာသာပြန်ပါ။

🦅 ရောဂါပျံ့ပွားနိုင်ချေ လုံးလုံးမရှိဘူးလို့ ၁၀၀ရာခိုင်နှုန်း မပြောနိုင်ပေမဲ့ လင်းတတွေကြောင့် ရောဂါပျံ့ပွားခဲ့တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်သာဓကမျိုးတော့ မတွေ့ရသေးပါဘူး။
======================
ကျနော်တို့ကြားမှာ ငှက်တွေနဲ့ ပတ်သက်ရင် တော်တော်ရေပန်းစားတဲ့ စကားပုံ တစ်ခုရှိပါတယ်။
ဘာလဲဆိုတော့ “လင်းတလောက်တော့ ငှက်တိုင်းလှ” ဆိုတဲ့ စကားပုံပါ။
မှန်ပါတယ်..
🦅 လင်းတလောက်တော့ ငှက်တိုင်းလှနိုင်တယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်အပေါ် လူတွေအပေါ်မှာတော့ လင်းတလို အကျိုးပြုနိုင်တဲ့ ငှက်မျိုးတော့ ရှားပါလိမ့်မယ်။
တစ်ဆင့်ချင်း ကျနော်ရှင်းပြချင်ပါတယ်။
လင်းတအမျိုးအစား တော်တော်များများ ရှိပေမဲ့ လင်းတလို့ ပြောလိုက်ရင် ကျနော်တို့ မျက်လုံးထဲမှာ ပြေးမြင်လိုက်တာက ခေါင်းပြောင်ပြောင် ရုပ်ဆိုးဆိုးနဲ့ အသေကောင်ပုပ်စားတဲ့ ငှက်ကြီးတွေပါပဲ။ ဒါကလည်း ဒီလိုအကောင်မျိုးတွေက ကျနော်တို့နိုင်ငံမှာ အများဆုံးတွေ့ရတဲ့ အမျိုးအစား ဖြစ်နေလို့ပါပဲ။
စကားပုံထဲမှာ မျက်နှာသာမရတဲ့ ဒီရုပ်ဆိုးဆိုးကောင်ကြီးတွေဟာ ဂေဟစနစ်မှာတော့ အ‌ရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ဘယ်လိုမျိုးပါဝင်နေလဲ ဆိုရင်တော့ အကောင်ပုပ်တွေကို စားပြီးတော့ ပါဝင်နေတာပါ။
ဒီနေရာမှာ အကောင်ပုပ်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောချင်ပါတယ်။
သဘာဝထဲမှာ သတ္တဝါတွေက သက်တမ်းကုန်ဆုံးတဲ့အခါမှာ ဖြစ်စေ၊ နာမကျန်းလို့သေဆုံးတဲ့ အခါမှာဖြစ်စေ သူတို့ရဲ့ ရုပ်အလောင်းကျန်ခဲ့ပါတယ်။ တဖန် ကျား၊ ခြင်္သေ့တို့လို အသားစားသတ္တဝါတွေရဲ့ အမဲလိုက်သတ်ဖြတ်စားသောက်ခြင်း ခံရပြီးတော့လဲ ရုပ်အလောင်းအကြွင်းအကျန်တွေ ကျန်ရှိပါတယ်။ ဒီရုပ်အလောင်းတွေ၊ အကြွင်းအကျန်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပုပ်သိုးလာပြီး ရောဂါတို့ ပြန့်ပွါးရာ ဇစ်မြစ်ဖြစ်တဲ့ ဘက်တီးရီးယားတွေ၊ ပသိုဂျင်(pathogen)တွေ ပေါက်ဖွားပျံ့ပွားရာ အစာအရင်းအမြစ်ကြီး ဖြစ်လာပါတယ်။ တနည်းအားဖြင့် ရောဂါမျိုးစုံ စတင်ပေါက်ဖွားရာ နေရာကြီး ဖြစ်လာပါသည်ပေါ့။
ဆိုတော့ လင်းတတွေက ဒီအကောင်ပုပ်တွေ၊ အကြွင်းအကျန်တွေကို စားခြင်းအားဖြင့် အပုပ်နံ့တွေ မကောင်းတဲ့ အနံ့အသက်တွေဖယ်ရှားပေးသလို ဘက်တီးရီးယားနဲ့ ရောဂါဖြစ်စေတဲ့ ပသိုဂျင်တွေ ပျံ့ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ အကောင်ပုပ်တွေကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းလို့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို လျော့ကျစေတာမို့ ကမ္ဘာကြီး ပူနွေးမှု လျှော့ချရာမှာ ကူညီပေးတယ်။ ဒါ့အပြင် အကောင်ပုပ်အကြွင်းအကျန်တွေ စားသလို ခွေးရူးရောဂါ သယ်ဆောင်သူတွေလဲ ဖြစ်တဲ့ ခွေးအလို အကောင်တွေရဲ့ ဦးရေကိုလဲ ကန့်သတ်ပေးပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ ခွေးအတွေရဲ့ အစာဖြစ်တဲ့ အကောင်ပုပ်တွေ အကြွင်းအကျန်တွေကို စားသောက်ပြီးတော့ အစာအရင်းအမြစ်ကို လျှော့ချလိုက်ခြင်းနဲ့ပဲ ဖြစ်ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
🦅 ဒီနေရာမှာစပြီး စိတ်ဝင်စားစရာလေးတွေ တွေ့လာပါပြီ။ အပေါ်မှာ ပြောခဲ့သလို လင်းတတွေ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေအပေါ်အကျိုးပြုနိုင်တယ်ဆိုတာ အကောင်ပုပ်တွေကို စားနိုင်လို့ပါ။ ဘာ့ကြောင့် ဒီကောင်တွေက အကောင်ပုပ်တွေကို စားနိုင်ရတာလဲ။ အကောင်ပုပ်ဆိုမျိုးတာ ဘက်တီးရီးယားတွေ ပသိုဂျင်တွေနဲ့ ပြည့်နှက်နေတဲ့ အရာတွေပါ။ ဒီကောင်တွေက လင်းတတွေကိုရော ရောဂါ မဖြစ်စေနိုင်ဘူးလား။ ပြီးတော့ လင်းတတွေ ပြန်စွန့်တဲ့ မစင်ကနေ ဘက်တီးရီးယားတွေ ပသိုဂျင်တွေ ပြန်ပါပြီးတော့ ရောဂါတွေကို မပျံ့စေနိုင်ဘူးလား ဆိုတာတွေပါ။
အကောင်ပုပ်တွေက လင်းတတွေကို ရောဂါမဖြစ်စေနိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို ဖြေရရင် ဟုတ်ပါတယ်။ ရောဂါ မဖြစ်စေနိုင်ပါဘူး။ ဘာ့ကြောင့်လဲ။ အဓိကအချက် ၂ချက် ရှိပါတယ်။
🦅 ပထမတစ်ချက်က သူတို့ရဲ့ အစာခြေရည်အက်စစ်တွေကြောင့်ပါ။ လင်းတတွေရဲ့ အစာခြေအက်စစ်က အကြမ်းဖျင်းအားဖြင့် pH 1 ပတ်ဝန်းကျင်မှာ ရှိပြီး ကားဘက်ထရီအက်စစ်တွေလို ပြင်းထန်ပါတယ်။ တခြားသော အသားစားငှက်ဖြစ်တဲ့ သိမ်းငှက်တွေရဲ့ အစာခြေအက်စစ်က pH 1.5 နဲ့ 2.5 ကြားပဲ ရှိပါတယ်။ ဆိုတော့ လင်းတတွေရဲ့ အစာခြေအက်စစ်က ပုံမှန် အသားစားငှက်တွေထက် သိသိသာသာ ပိုပြင်းထန်တဲ့ သဘောပါ။ လင်းတမုတ်ဆိတ် (Bearded vulture) တွေမှာဆိုရင် pH 0.7 လောက်ပဲ ရှိပြီး အရိုးကိုတောင် အစာခြေနိုင်ပါတယ်။ ဆိုတော့ ဘက်တီးယားတွေ ပသိုဂျင်တွေက အစာခြေအက်စစ်ပြင်းတွေရဲ့ အောက်မှာ လက်မြှောက် အရှုံးပေးပြီး သေဆုံးသွားကြပါသည်ပေါ့။
🦅 ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်ပါသေးတယ်။ ဒီကောင်တွေရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံပါ။ လင်းတတွေမှာ အကောင်ပုပ်တွေစားတာကြောင့် ရောဂါမဖြစ်စေဖို့အတွက် ဆင့်ကဲပြောင်းလဲလာတဲ့ ကိုယ်ခံအားစနစ်ရှိပါတယ်။ ဒီထဲက အထင်ရှားဆုံးတစ်ခုကတော့ အူထဲမှာ ရှိနေတဲ့ အကျိုးပြုအနုဇီဝအုပ်စုကြီးပါပဲ။ ဒီအုပ်စုကြီးက အကောင်ပုပ်တွေက ပါလာတဲ့ ရောဂါပိုးတွေကို နှိပ်ကွပ်ပေးသလို အစာခြေဖျက်ရာမှာလဲ ကူညီပေးပါတယ်။ လင်းတတွေရဲ့ သွေးတွေ အသားမျှင်(tissue) တွေမှာလဲ ဒီရောဂါပိုးမွှားတွေကို ဖျက်စီးပစ်နိုင်တဲ့ ပဋိဇီဝဆန့်ကျင်စ္စည်း (Antimicrobial Peptides) လိုကောင်တွေလဲ ရှိနေပါတယ်။ သဘာဝအရ အကောင်ပုပ်တွေက ထွက်တဲ့ အဆိပ်အတောက်တွေကိုလဲ ခံနိုင်ရည် ရှိပါသေးတယ်။ ဒါတွေတင် မကသေးပါဘူး သူတို့ရဲ့ ဗီဇ(Genes)တွေထဲမှာလဲ ဆင့်ကဲ့ပြောင်းလဲလာပြီး ကိုယ်ခံအားကောင်းစေတဲ့ မျိုးရိုးဗီဇတွေ ပါနေပါသေးတယ်။ ဆိုတော့.. သွေးထဲမှာကော ဗီဇထဲမှာကော ခံနိုင်ရည်အပြည့်နဲ့ဆိုတဲ့ကောင်တွေပါပဲ။
ဒီနှစ်ချက်အပြင် လင်းတတွေရဲ့ အမူအကျင့်တွေ သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကလဲ အကောင်ပုပ်စားဖို့အတွက် သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးပေးထားပါတယ်။
ဥပမာ.. လင်းတတွေ ခေါင်းပြောင်ခြင်းအကြောင်းကို ပြောရရင် အကောင်ပုပ်တွေ တိုးလျှိုးပြီး စားတဲ့အခါ လင်းတတွေရဲ့ ခေါင်းပေါ်ကို အရိအရွဲ မလွဲမသွေ ကပ်ပါလာပါလိမ့်မယ်။ အကယ်၍ ခေါင်းပေါ်မှာသာ အမွှေးတွေရှိနေရင် ဒီအမွှေးတွေကြားမှာ အရိအရွဲတွေက ပါလာတဲ့ ဘက်တီးရီးယားတွေ ကပ်ကျန်ပြီး ရှင်သန်မျိုးပွားသွားမှာဖြစ်တဲ့အတွက်ကြောင့် သဘာဝတရားကြီးက ပြောင်ပေးထားတာပဲ ဖြစ်ပါတယ်။

image