❝ အေးဗျာ . . . ဦးသုခရိုက်တဲ့ ရုပ်ရှင်ထဲက
ကောလိပ်ဂျင်နေဝင်း ပြောတဲ့စကားလေးကို
ကျွန်တော်ပြောရမယ် သိလား ❞
❝ ဘာလဲကွ ❞
❝ တကယ်ဖြစ်ချင် တကယ်လုပ် . . .
အဟုတ်ဖြစ်ရမည် ❞
•ရိုးမပေါ်မှာကျတဲ့မျက်ရည် / မှ
× × ×
❛ ကျောင်းဆရာဇာတ်လမ်း ❜
ဘယ်လိုကျောင်းဆရာလဲဆိုရင်တော့
ရွာကလေးရဲ့ ခြစားယိုယွင်းပျက်စီးနေတဲ့
ပညာရေးစနစ်ကြီးတစ်ခုလုံးကို
တော်လှန်ပြောင်းလဲပစ်ခဲ့တဲ့ လေးစားဖွယ်
ကျောင်းဆရာတစ်ယောက်ရဲ့ဇာတ်လမ်း ။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို
ငှက်ဖျားပိုးတွေလှိုင်လှိုင်ပေါများလှတဲ့
" ရှိမ်းခါး "ဆိုတဲ့ရွာကလေးမှာ
ဖြစ်တည်အသက်ဝင်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တယ်။
နေ့စဥ်နဲ့အမျှယစ်ထုပ်ကြီးသဖွယ်
အရက်နဲ့ဘဝကိုဖြတ်သန်းနေတဲ့ကျောင်းအုပ်၊
အစိုးရလစာယူပြီးဆရာမပီသတဲ့ဆရာတွေ
နိမ့်ကျတဲ့ ပညာရေးစနစ်တွေနဲ့
ပညာရေးဆိုတာကို ဖုတ်လေတဲ့ငပိ
ရှိသည်ပင်မထင်လေသော ကျေးရွာလေးရဲ့
အစိုးရကျောင်းလေးကို ရွှေ့ပြောင်း တာဝန်
ကျခဲ့တဲ့ ကျောင်းဆရာတစ်ယောက်အကြောင်း
ကျေးရွာလေးရဲ့ နိမ်ပါးတဲ့ပညာရေးအမြင်တွေ
ယိုယွင်းပျက်စီးနေခဲ့တဲ့ ရွာခံတွေရဲ့စိတ်ဓာတ်နဲ့
ထိုရွာလေးထဲက တစစယိုင်နဲ့နေတဲ့
ပညာရေးစနစ်ကြီးကို အမြစ်ကဆွဲလှန်
တော်လှန်ဖြိုချခဲ့တဲ့ ကျောင်းဆရာတစ်ယောက် ။
ဒီစာအုပ်ထဲမှာ
ကျောင်းဆရာတစ်ယောက်ရဲ့ခံယူချက်
စေတနာအရင်းခံတဲ့၊ ပညာရေးရည်မှန်းချက်တွေ၊
ပြတ်သားခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့
ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကို
အထင်းသားမြင်တွေ့ရတယ်။
ဧည့်သည်ဆိုတာ
အချိန်တန်ရင်ပြန်ရတာပဲလေ ဆိုပေမဲ့
အစစ အရာရာနိမ့်ပါးနေတဲ့ ရွာကလေးရဲ့
ပညာရေးမီးစာကို ထွန်းညှိပေးခဲ့သူ
ကျောင်းဆရာလေးဟာ
တစ်ချိန်မှာ ကျောင်းအိုကလေးနဲ့
သူသံယောဇဥ်ရှိခဲ့တဲ့ရွာကလေးကို
ပဲ့ထောင်လေးပေါ်စီးနင်းလိုက်ပါသွားရင်း
နှုတ်ဆက်ခွဲခွာသွားခဲ့ခြင်းတွေဟာ
စာဖတ်သူတွေရဲ့ ထိလွယ်ရှလွယ်အသည်း
တွေကို ကွဲကြေစေမဲ့ • ဆရာတင်ညွန့် •
လှစ်ဟပြခဲ့တဲ့ ဘဝတစ်ကွေ့တွေပါပဲ ။ ။
