1 ပတ် - ဘာသာပြန်ပါ။

တခါတလေတော့လည်း
ကာ့ဖ်ကာက မက်စ်ဘရော့ဒ်ဆီ ရေးခဲ့ဖူးသလို
ကျွန်တော် ထပ်တူခံစားရတယ်။ ကမ္ဘာကြီးမှာ
အသင်္ချေအနန္တ မျှော်လင့်ချက်တွေရှိပါတယ်။
ဒါပေမဲ့ ငါတို့အတွက်တော့ မဟုတ်ဘူးတဲ့။
ဂွတ္တလစ်မှာ ကျွန်တော်တို့မိသားစု နေထိုင်ခဲ့စဉ်
ကာလတွေမှာ အဖေနဲ့ အမေဟာ
ငွေကြေးပြည့်စုံတဲ့ အမျိုးတွေဆီကနေ
ပိုက်ဆံချေးရတဲ့ အခြေ အနေတွေ
ကြုံရတတ်ပါတယ်။ အဖေဟာ မာနမရှိတာလား၊
သူ့မာနကို ပိပိရိရိ မျိုချထားတာလားဆိုတာ
ကျွန်တော် ဝေခွဲမရပေမဲ့ အဲဒီအဖြစ် အပျက်ရဲ့
နာကျင်ရမှုကို အရွယ်မရောက်သေးတဲ့
ကျွန်တော့်နှလုံးသားဟာ အလိုအလျောက်
ခံစားလို့ ရနေခဲ့တယ်။
နောက် အဲဒီကာလတစ်လျှောက်လုံး
အမေ့ရဲ့ ခြေဖနောင့်ဟာ အသားမာတက်ပြီး
အက်ကွဲနေတာဟာ ကျွန်တော် ကြီးပြင်းလာတဲ့အခါ
အဲဒီ ခြေဖနောင့် အသားမာကို အဲဒီကာလက
တိုင်းပြည်ရဲ့ အယူဝါဒ (state ideology) အဖြစ် ကျွန်တော် မြင်လာတဲ့အထိပဲ။ နောက်ပြီး
ကျွန်တော့်မှတ်ဉာဏ်ထဲ ဖျောက်မရအောင်
စွဲနေတာက အပေါ်ပိုင်းဗလာ နဲ့ ကျွန်တော်တို့
လမ်းထဲက ၁၀၉-၁၁ဝ ကာလသားတွေ။
သူတို့ဟာဇယ်တောက်တယ်၊ ဆေးချတယ်၊
ဂစ်တာတီးတယ်၊ ခြင်းခတ်တယ်
ရပ်ကွက် သာရေးနာရေး လုပ်တယ်။ ဒါပေမဲ့
မည်မည်ရရ အလုပ်တစ်ခုခု ကိုတော့ မလုပ်ဘူး။
သူတို့ကိုယ်သူတို့ လယ်ယာပြန်စာရေးအရာရှိတွေ
လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ လမ်းထဲမှာ
အမြဲလိုလို ရပ်ထားတဲ့ ဝီလီဂျစ်ကားတစ်စီး ရှိတယ်။ တစ်ညတော့ အဲဒီဘဲတွေက ဖာခေါ်ချကြတယ်။
မနက်ကျတော့ သူတို့ အဲဒီအကြောင်း
ပြန်ပြောကြတော့ ကြီးကောင် ဝင်စ
ကျွန်တော်ဟာ သူတို့အနားမှာ ရှိနေခဲ့တယ်။
သူတို့က ၂ ယောက် လား၊
၃ ယောက်လား မသိဘူး။
စော်ကိုခေါ်ပြီး ဂျစ်ကားပေါ်မှာ ကစ်ကြသတဲ့။
ကိစ္စပြီးတော့မှပဲ အဲဒီမိန်းမဟာ
စကားမပြောတတ်တဲ့ အ,အမှန်း
သူတို့သိကြတယ်။ ကိုင်း … စကားဆုံးတော့
သူတို့ ရယ်ကြတယ်။ ဒါပေမဲ့ သူတို့ရယ်သံဟာ
မရယ်ရဘူး။ အဲဒါကို သူတို့လည်း သိနေသလိုပဲ။
အဲဒီအချိန်မှာ ကျွန်တော့် အသည်းနှလုံးဟာ
ဆူးနဲ့ ထိုးခံလိုက်ရသလို စစ်ခနဲ
နာကျင်သွားခဲ့တယ်။ အဲဒါကို ကျွန်တော်
ကောင်းကောင်း မှတ်မိနေတယ်။
လူတွေဟာ ဝမ်းနည်းရင်လည်း ရယ်ကြတယ်
ဆိုတာကို အဲဒီ ကတည်းက ကျွန်တော် သိခဲ့တယ်။
▫️အောင်ခင်မြင့် // ဆိုနာတာ - မှ

image