#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံရှိ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသော ၁၅ ဦး၏ လစာများ ပြန်ရ
ထိုင်းနိုင်ငံ ဖူးခက်မြို့ ပါခွတ်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသောမြန်မာအလုပ်သမား ၁၅ ဦးအား စက်ရုံမှ လုပ်ခလစာရက် ၄၀ စာရှင်းပေးခြင်း မရှိသည့်အပေါ်ပြန်လည်ရရှိအောင် ကူညီပေးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
၎င်းတို့၏ လုပ်အားခနှင့်စာရွက်စာတမ်းကိစ္စကို လာရောက်ကူညီဖြေရှင်းဖို့ ကူညီတောင်းခံမှုကြောင့် အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)နှင့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)တာဝန်ရှိသူတို့က ဇွန် ၂၀ ရက်တွင် သွားရောက်ခဲ့ကြကြောင်းသိရသည်။
မြန်မာအလုပ်သမားများသည် PJ စာအုပ်၊ CI စာအုပ်၊ NAME LIST စာရွက်ကိုင်ဆောင်ထားသူများဖြစ်ပြီး ထိုစက်ရုံတွင် အလုပ် လုပ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကာ စက်ရုံသူဌေးက မြန်မာ အလုပ်သမားများ၏ ရက် ၄၀ စာလုပ်ခလစာ စုစုပေါင်းဘတ်ငွေ ၂၆၀၀၀၀ ဝန်းကျင်ကိုမရှင်းပေးသည့်အပြင် သက်တမ်းတိုးခ တစ်ဦးလျှင်ဘတ်ငွေ ၁၅၀၀၀ စီကောက်ခံခဲ့ပြီး စာရွက်စာတမ်းများကို ပေးခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။
FED အဖွဲ့နှင့်WAG အဖွဲ့သားများက ဖူးခက်မြို့ရှိ အလုပ်သမားများနှင့်အတူ ဇွန် ၂၀ ရက်တွင် မြို့နယ်သက်ဆိုင်ရာရုံးအသီးသီး၌ သွားရောက်တိုင်ကြားပေးခဲ့ရာ စက်ရုံသူဌေးဘက်မှ အလုပ်သမားများ၏ လုပ်အားခများနှင့်စာရွက်စာတမ်းများကို ပြန်လည်ပေးဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - WAG
