ရုပ်ရှင်တွေက လူတွေရဲ့ နေ့စဉ်ဘဝပုံစံကို ဘယ်လိုပြောင်းလဲစေခဲ့လဲ
ရုပ်ရှင်ဆိုတာကလည်း လက်တွေ့ဆန်တဲ့ အနုပညာဆိုပေမယ့် တစ်ဖက်မှာလည်း ရုပ်ရှင်တချို့က လူတွေရဲ့ နေ့စဉ်ဘဝပုံစံကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။
ဟိုးအရင်က Final Destination 2 ထဲက သစ်လုံးတင်ထရပ်ကား ဇာတ်ဝင်ခန်းကို အားလုံးသိကြမှာပါ။ ဒီဇာတ်ကားထဲမှာ သစ်လုံးတစ်ချောင်းက ရဲအရာရှိရဲ့ ကားမှန်ကို ဖောက်ဝင်ပြီး သူ့ကို ဆိုးရွားစွာ သေဆုံးစေခဲ့ပါတယ်။ ဒီခန်းက ကြည့်သူတိုင်းရဲ့ စိတ်ထဲမှာ အခုချိန်ထိမှတ်ထားခံရပြီး၊ “အဲဒီကတည်းက လူတွေက သစ်လုံးတင်ထရပ်ကားတွေနောက်မှာ ကားရောက်နေရင် မရရအောင် ရှောင်ကြတာတွေ” ရှိခဲ့ပါတယ်။
ဒါ့အပြင် ၁၉၇၅ ခုနှစ်က Steven Spielberg ရဲ့ Jaws ဇာတ်ကားကလည်း ငါးမန်းကြောင့် လူတွေကို ကမ်းခြေသွားဖို့ ကြောက်လန့်စေခဲ့ပါတယ်။ ပုံမှန်အားဖြင့် ငါးမန်းတိုက်ခိုက်မှု မရှိတဲ့ ဒေသတွေနဲ့ ငါးမန်းရှိကိုမရှိတဲ့ ကမ်းခြေတွေကိုတောင် လူတွေသွားဖို့ ကြောက်တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။
အလားတူပဲ၊ ၁၉၇၂ ခုနှစ်က သည်းထိတ်ရင်ဖိုဇာတ်ကား Deliverance ထဲမှာ စခန်းချရင်း အန္တရာယ်ပြုခံရတာ၊ အသတ်ခံရတာတွေကို ပြထားတာက လူတွေကို တောတွင်းစခန်းချဖို့ကို ကြောက်လန့်စေခဲ့ရပါတယ်။
ဒါပေမယ့် ရုပ်ရှင်တွေအားလုံးက ဆိုးကျိုးတွေပဲ ဖြစ်စေတာမဟုတ်ဘူး။ တချို့ရုပ်ရှင်တွေက ပရိသတ်တွေကို ဝါသနာအသစ်တွေလုပ်ဖို့နဲ့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။
“Top Gun ထွက်ပြီးနောက်မှာ ရေတပ်စုဆောင်းမှု အရမ်းတက်လာခဲ့တယ်” လို့ ရုပ်ရှင်ပရိသတ်တစ်ယောက်က ပြောခဲ့တာတွေရှိသလို တခြားတစ်ယောက်ကလည်း “Twister က လူတွေကို မိုးလေဝသပညာရပ်ကို ကျောင်းမှာ သွားသင်ဖို့လည်း လှုံ့ဆော်ပေးခဲ့တယ်” လို့ ထပ်ပြောခဲ့ပါတယ်။
ဒါ့အပြင် The Hunger Games ဇာတ်ကားတွဲက လူငယ်မိန်းကလေးတွေကို မြားပစ်အားကစားကို စိတ်ဝင်စားလာစေခဲ့ပါတယ်။ Pierce Brosnan ရဲ့ နောက်ဆုံး James Bond ဇာတ်ကား Die Another Day (၂၀၀၂) ကလည်း လူတွေကို ဓားသိုင်းသင်တန်းတွေမှာ စာရင်းပေးသွင်းဖို့ ဆွဲဆောင်ခဲ့တယ်လို့ Reddit သုံးစွဲသူတစ်ယောက်က ပြောခဲ့ပါတယ်။
တကယ်ကို စိတ်ဝင်စားစရာက Spectre (၂၀၁၅) James Bond ဇာတ်ကားထဲက မက္ကဆီကိုမှာ ကျင်းပတဲ့ Día de Los Muertos ပွဲကြီးကို ပြထားတဲ့ အခန်းပါ။ တကယ်တော့ မက္ကဆီကိုမှာ ဒီချီတက်ပွဲမလုပ်တာ နှစ်တွေကြာနေပါပြီ။ “အရင်က အဲဒီလို ချီတက်ပွဲမရှိခဲ့ဘူး၊ ဒါပေမယ့် မြို့တော်ဝန်က ဒီအိုင်ဒီယာကို ကြိုက်သွားပြီး ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး နှစ်စဉ် ခမ်းခမ်းနားနား ချီတက်ပွဲကျင်းပလာတယ်” လို့ Reddit က ပို့စ်ထဲမှာ ဖော်ပြထားပါတယ်။
ဒီလိုမျိုး လူတွေကို ပြောင်းလဲခဲ့တာတွေက နိုင်ငံခြားဇာတ်ကားတွေမှာပဲရှိပေမယ့် မြန်မာကားတွေကတော့ လက်တွေ့ကိုလည်း မပြောင်းလဲနိုင်သလို ရည်ရွယ်ချက်လည်းမရှိတဲ့ ဇာတ်လမ်းတွေကိုသာ ထုတ်လုပ်နေဆဲဖြစ်ပါတယ်။

image