ဒီစာအုပ်က ဘဝမှာ အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်တွေ ၊ စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ Self-help အမျိုးအစားထဲက စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ် ။
ဒီစာအုပ်က အပျင်းပြေခဏတဖြုတ် ဖတ်ဖို့စာအုပ် မဟုတ်သလို ၊ ဖတ်ပြီးသွားတဲ့အခါ မေ့ပစ်ထားရမယ့် စာအုပ်လည်းမဟုတ်ဘူး ။ ဒီစာအုပ် ဖတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးတတ်လာလိမ့်မယ် ။ " နေ့တိုင်း ငါ ဘာတွေလုပ်နေသလဲ ။ ပြီးတော့ ငါ ဘာတွေပြောင်းလဲဖို့ လိုပြီလဲ ။ " ဒီလို ကိုယ့်ကိုယ်ကို မေးတတ်လာတဲ့အခါ ကိုယ့်မှာ ပညာရေးအားနည်းနေရင် စိတ်ပူစရာမလိုဘူး ။ Self-educated ဖြစ်လာဖို့ ဒီစာအုပ်က လမ်းညွှန်ပေးလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာ မကုန်ခန်းနိုင်တဲ့ သင်ခန်းစာတွေ နေ့စဥ် ပေးနေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပညာတတ်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ လိုအပ်တယ်
ဆင်းဆင်းရဲရဲ မွေးလာခဲ့တာ ကိုယ့်အပြစ် မဟုတ်ပေမယ့် တစ်သက်လုံး ဆင်းဆင်းရဲရဲ နေသွားတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အပြစ်ပါပဲ ။ ဒါကြောင့် အနာဂတ်မှာ ပိုကောင်းမွန်တဲ့ ဘဝတစ်ခု ဖြစ်လာအောင် ဘယ်လိုစီးပွားရေးတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံသင့်သလဲ ။ ငွေကို ဘယ်လိုစီမံခန့်ခွဲသင့်သလဲ ။ ငွေကြေးပြည့်စုံခြင်းဟာ လူရာဝင်ခြင်းတစ်မျိုးပဲ ။ ဒါကြောင့် ငွေရှိဖို့လိုတယ် ။
ဘဝပျော်ရွှင်မှုဆိုတာ ငွေကြေးတစ်ခုတည်းအပေါ်မှာ မှီတည်နေတာ မဟုတ်ဘူး ။ ကျန်းမာရေးကောင်းမွန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရှိနေမှ စစ်မှန်တဲ့ ပျော်ရွှင်မှုက တကယ်ရမှာ ။ စစ်မှန်တဲ့ ပျော်ရွှင်မှုက Inner world မှာပဲ အမှန်တကယ် ရှိနေတာ ။
21 ရာစုက လူတွေဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လာတယ် ။ ထိလွယ်ရှလွယ် ဖြစ်လာတယ် ။ ခံနိုင်ရည်တွေ လျော့ပါးလာတယ် ။
ဒါကြောင့် စိတ်ရဲ့ အေးချမ်းတည်ငြိမ်မှုကို ရှာဖို့လိုအပ်တယ် ။ တကယ်တော့ ငြိမ်းချမ်းတဲ့စိတ်က အတွင်းအဇ္စျတ္တမှာပဲ ရှိပါတယ် ။ ဒီတော့ ကျွန်တော်တို့တွေ ကြည့်နေကျ ၊ မြင်နေကျ မှန်ပြောင်းထဲကနေ မြင်နေရတဲ့ လောကကြီးထဲက ခဏတဖြုတ်ရုန်းထွက်ပြီး ကိုယ်မမြင်နိုင်သေးတဲ့ ဖြစ်တည်မှု သဘာဝတရားကို တွေ့အောင်ရှာကြည့်ဖို့ အကြံပြုထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ် ။
ပညာရေး ၊ စီးပွားရေး ၊ ကျန်းမာရေးအတွက်တင် မဟုတ်ဘဲ စစ်မှန်တဲ့ဘဝရဲ့ ပျော်ရွှင်မှု ၊ ငြိမ်းအေးမှု ၊ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ လူအများ Definition ဖွင့်သလိုမဟုတ်ဘဲ ဒီစာအုပ်က တိတိကျကျ လမ်းညွှန်ပေးထားတဲ့ စာပေဟင်းလေးအိုးကြီး ။ " ငါ့ကိုယ်ငါ ပြောင်းလဲခြင်း " စာအုပ်လေးဟာ ဖတ်ရတာ တန်လိုက်တာလို့ ခံစားရစေမှာပဲ ဖြစ်ပါတယ် ။
ကိုယ့်ကမ္ဘာငယ်လေးကိုပဲ လှပအောင် မိမိကိုယ်တိုင် ဖန်တီးပြုပြင်လိုက်မယ်ဆိုရင် တခြားကမ္ဘာငယ်လေးတွေအားလုံးလည်း ကိုယ်စီ လှပလာပါလိမ့်မယ် ။ ဒီတော့
" ငါ့ကိုယ်ငါ ပြောင်းလဲဖို့ပဲ " လိုပါတယ်။
#အံ့ဘုန်းခန့်ကျော်
#ငါ့ကိုယ်ငါပြောင်းလဲခြင်း
