#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မဲဆောက်တွင် မြန်မာလူမျိုးများ ဖွင့်လှစ်သောဆိုင်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးအရေးယူ
ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များအပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးအရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနကဇွန် ၂ဝ ရက်တွင် ထုတ်ပြန်ထားသည်။
မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနအဆိုအရ မြန်မာလူမျိုးများ ဖွင့်လှစ်ထားသော ဆံပင်ညှပ်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များ အပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်အလုပ်အကိုင်များစွာသည် ထိုင်းလူမျိုးများအတွက်သာ သီးသန့်ထားရှိသော အလုပ်အကိုင်များဖြစ်ကြောင်း သိရသည်။
မဲဆောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အလုပ်သမားရှာဖွေရေးအရာရှိများ နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် မဲဆောက်မြို့ရှိဈေးကြီးနှင့် အခြားနေရာများတွင်ခရီးသည်ပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းပို့ဆောင်ခြင်းများ လုပ်ကိုင်နေသည့်မြန်မာလူမျိုး သုံးဘီးဆိုင်ကယ်မောင်းသူများကို ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများက လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ထိုင်း လူမျိုးတို့၏ အလုပ်အကိုင်များကိုလုယူလုပ်ကိုင်နေသော နိုင်ငံခြားသားများကို နှိမ်နင်းဖမ်းဆီးပေးရန် တောင်းဆိုပြီးနောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲဆောက်မြို့နယ်တွင် E-Bike များဖမ်းဆီးခြင်း၊ သုံးဘီးဆိုင်ကယ် မောင်းနှင်သူများအားဖမ်းဆီးနေပြီး တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာန ထုတ်ပြန်ချက်အရ မဲဆောက်မြို့နယ်တွင်သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာ နိုင်ငံသား ၁၈ ဦးကို ဇွန် ၁၇ ရက်တွင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
