အတွေးလွန်ခြင်းတွေကို control လုပ်နိုင်ဖို့အတွက် နည်းစနစ် အနည်းငယ်ကို မျှဝေချင်ပါတယ် ။
၁။ ချရေးပါ ။
စိတ်ပိုင်းဆိုင်ရာကုသခြင်း လုပ်တဲ့အခါ ချရေးခြင်းစနစ်ကို အတော်များများ အကြံပြုတာ တွေ့ ရပါတယ် ။
ကိုယ်ရောက်နေတဲ့နေရာ ၊ ကိုယ် အတွေးလွန်နေတဲ့ အဖြစ်အပျက်အကြောင်း ၊ ဒီအတွေးကို ပြုပြင်နိုင်မယ့်အရာတွေကို ချရေးကြည့်ပါ ။ ဥပမာ - ဒါက ငါ လွှမ်းမိုးနိုင်မဲ့အရာလား ၊ ဒါကို ငါ ပြုပြင်လို့ရလား ၊ တကယ်လို့ မရခဲ့ရင်ရော စသဖြင့် ချရေးကြည့်ပါ ။ တွေးလိုက်တဲ့ အချက်တစ်ခုချင်းစီတိုင်းအတွက် ဖြေရှင်းနည်းလမ်း
စတွေ့ ရလာပါလိမ့်မယ် ။
အတွေးထဲမှာပဲထားပြီး ပြဿနာတွေကို စဉ်းစားတာထက်စာရင် ချရေးပြီး အဖြေထုတ်ကြည့်တာ ပိုထိရောက်ပါတယ် ။ အလုပ်တစ်ခုကို လုပ်သင့် ၊ မသင့် ဆုံးဖြတ်ရခက်ချိန်တွေမှာလည်း လုပ်လိုက်ရင် ဖြစ်လာမဲ့ ကောင်းကျိုး နှင့် ဆိုးကျိုးကို စာရွက်ပေါ်ချရေးထားပြီး အကန့် ခွဲကြည့်လိုက်ပါ ။ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ မဖြစ်မနေ ချရေးတတ်တဲ့ အကျင့်လေးလုပ်ပါ ။
၂။ လွှမ်းမိုးသက်ရောက်နိုင်စွမ်းကို ဆန်းစစ်ပါ ။
ဖြစ်ပြီးသားအရာတွေ ၊ ပြောမိပြီးသား စကားတွေဟာ ပြန်ပြုပြင်လို့ မရနိုင်ပါဘူး ။ ဒါတွေကို တွေးပြီး နောင်တရတာမျိုး ရှောင်ပါ ။ ဒီအပေါ် ကိုယ်ဟာ လွှမ်းမိုးသက်ရောက်နိုင်စွမ်း မရှိပါဘူး ။ ဒါကြောင့် မပြောခင် ၊
မလုပ်ခင် စဉ်းစားဖို့ အကျင့်လေး လုပ်ပါ ။ ပြီးခဲ့တာတွေ ပြီးပါစေတော့...
မဖြစ်လာသေးတဲ့ အရာကို တွေးမပူပါနဲ့ ။ ဖြစ်လာမှ
ဖြေရှင်း လိုက်တာက ပိုကောင်းပါတယ် ။ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပေမယ့် တစ်ခါတလေမှာ ထင်သလို ဖြစ်မလာတာတွေလဲ ရှိနေတတ်တာပါပဲ ။ ဒီအခြေအနေတွေကို လက်ခံဖို့ အသင့်ဖြစ်နေအောင်သာ နေထိုင်ပါ ။ ကိုယ် မထိန်းချုပ်နိုင်တဲ့အရာကို မစိုးရိမ်ပါနဲ့ ။ ပင်ပန်းရပါတယ် ။ နေရာတကာ အလုံးစုံ ကွက်တိ ၊ Perfect ဖြစ်ချင်စိတ်ကို လျှော့သင့်သလောက် လျှော့ရပါမယ် ။
နောက်တစ်ခုက ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီးတော့လည်း အတွေးလွန်တတ်ကြပါတယ် ။ အထူးသဖြင့် လူငယ်တွေပေါ့ ။ အရင်လို မနွေးထွေးတော့ရင် ၊ အချိုးတွေပြောင်းလာရင် သူက ဘာလို့လဲ ၊ ငါက ဘာအပြစ်လုပ်မိလို့လဲ စတာတွေကို အတွေးလွန်ကြပါတယ် ။ တကယ်တော့ ဒါဟာ တစ်ဖက်လူရဲ့ စိတ်ဆန္ဒပါ ။ ကိုယ်
မလွှမ်းမိုးနိုင်ပါဘူး ။ Relationshipတစ်ခုဟာ နှစ်ဖက်တီးမှ မြည်မယ့် လက်ခုပ်ပါပဲ ။
၃။ အတွေးလွန်နေတာထက် လမ်းကြောင်းပြောင်းပြီး ဖြေရှင်းကြည့်ပါ ။
ကိုယ် မတတ်နိုင်မယ့်အရာကို အရမ်းတွေးပြီး ပင်ပန်းနေတာထက် ပြဿနာကို လမ်းကြောင်းပြောင်းပြီး ပြင်ဆင်ကြည့်သင့်ပါတယ် ။ ဥပမာ- ကားလမ်းပိတ်ဆို့မှုကြောင့် ရုံးချိန်နောက်ကျနေတယ် ။ ဖြစ်ချင်တော့ meeting တက်ရမယ့်ရက်ဖြစ်နေတယ် ။ ဒီအချိန်မှာ အချိန်မီ ရုံးမရောက်မှာကို စိတ်ပူမယ် ။ အထက်လူကြီး ဆူမှာ စိုးရိမ်မယ် ။ အချိန်မလေးစားသူလို့ ထင်ကြမှာ ကြောက်မယ် ။
ဒါပေမဲ့ ကားလမ်းပိတ်နေတာက ကိုယ် လွှမ်းမိုးနိုင်ခြင်း မရှိဘူး ။ ဒီအခါမှာ ရုံးကို ဖုန်းကြိုဆက်ပြီး လမ်းပိတ်နေသဖြင့် အနည်းငယ် နောက်ကျနိုင်ကြောင်းပြောပါ ။ ဘာမှမပြောပဲ နောက်ကျမှ ရောက်သွားတာထက်စာရင် အခုလို ကြိုတင်ပြီး requestလုပ်ထားတာက ပိုကောင်းပါလိမ့်မယ် ။
ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူပြီး နောက်မဖြစ်ဖို့ သတိထားလိုက်ပါ ။ Meeting ရှိတဲ့နေ့ အိမ်ကနေ ခပ်စောစောထွက်တာမျိုးပေါ့ ။
ဒီလိုပါပဲ ဖြစ်ပြီးသားအရာတွေကို နောင်တရနေမှာထက် တောင်းပန်လို့ရသေးရင် ပြန်တောင်းပန်လိုက် ၊ မကောင်းခဲ့တဲ့ အတိတ် အတွက် အနာဂတ်မှာ ပိုကြိုးစားပြီး ကောင်းအောင်နေလိုက်ပါ ။
၄။ တရားထိုင်ပါ ။
Overthinkingအတွက် အထိရောက်ဆုံး handled လုပ်ခြင်းက meditate လုပ်ခြင်းပါပဲ ။ တရားထိုင်တဲ့အခါ စိတ်အာရုံကို ဝင်လေ ထွက်လေ တစ်ခုတည်းမှာသာ focusထားရတဲ့အတွက် မကောင်းတဲ့အတွေးဆိုးတွေကို တားဆီးပေးနိုင်တယ် ။
လူဟာ ငြိမ်သက်နေတဲ့အခါ စိတ်တွေဟာ ပျံ့လွင့်လွယ်ပါတယ် ။ အဲ့ဒီအခါမျိုးမှာ ဒီ ဝင်လေ ထွက်လေဆိုတဲ့ အာရုံဆီကို ပြန်လည်ရောက်ရှိလာဖို့အတွက် ပြန်လည်ဖမ်းဆုပ်ရပါတယ် ။ တရားထိုင်တဲ့အခါ အစပိုင်းမှာ အတွေးလွန်ခြင်းက ဆိုးရွားနိုင်ပေမယ့် စိတ်တွေ လွင့်သွားလိုက် ၊ သတိနဲ့ ပြန်ဆွဲကပ်လိုက် လုပ်တဲ့အခါ အခြေအနေတွေ ပိုကောင်းလာပါလိမ့်မယ် ။ အတွေးလွန်ခြင်းကို ပို၍ controlလုပ်နိုင်ပါလိမ့်မယ် ။ အတွေးလွန်ရခြင်းအကြောင်းမှာ တစ်ဦးနှင့်တစ်ဦးဟာ ကိစ္စရပ်ခြင်း မတူညီနိုင်ပေမယ့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ အတူတူပါပဲ ။ အိပ်ရေးပျက်လာမယ် ၊ ပျော်စရာတွေ နည်းလာမယ် ၊ လူတွေနဲ့ ကင်းကွာပြီး တစ်ယောက်တည်းနေချင်လာမယ် ၊ စိတ်ဓာတ်ကျမယ် စသဖြင့် အခြားသော ကျန်းမာရေးထိခိုက်ခြင်းတွေ ဖြစ်စေတတ်ပါ တယ် ။ ဒါကြောင့် အတွေးလွန်ခြင်းအကျင့်ကို အတတ်နိုင်ဆုံး ကုသနိုင်ဖို့ ကြိုးစားပါ ။
ကိုယ် တွေးနိုင်သလောက်သာ တွေးပါ ။ အတွေးဆိုးတွေဟာ ပျော်စရာတွေကို သတ်ပစ်နေပါတယ် ။ အကောင်းမြင်စိတ်လေးကပ်ပြီး ကောင်းတာလေးတွေ များများတွေးပြီး နေထိုင်ပါ ။
အတွေးတိုင်းဟာ စိတ်ခံစားမှုကို ဖန်တီးပေးပါတယ် ။ ပျော်ရွှင်တဲ့အတွေးဟာ လူကို ပျော်စေပြီး ဝမ်းနည်းစရာ အတွေးတွေကတော့ လူကို စိတ်ဓာတ်ကျစေပါတယ် ။
အတွေးဟာ ဆွဲအားရှိတဲ့အတွက် ထပ်ဖန်တလဲလဲ တွေးမိနေအောင် ဆွဲဆောင်ပါလိမ့်မယ် ။ ဒါကြောင့် ပျော်စရာများများတွေးတတ်ဖို့ လိုပါလိမ့်မယ် ။ ကောင်းမွန်တဲ့အတွေးတွေဟာ ကောင်းမွန်တဲ့ ဘဝဆီသို့ သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။
#သားထွေး #tharhtwe #အကောင်းမြင်စိတ်ထား #positivevibes
