#နိုင်ငံတကာသတင်း
◼အစ္စရေးတိုက်ခိုက်မှုတွင် အမေရိကန် ပါဝင်ပါက ငရဲကျသဖွယ်ဖြစ်လိမ့်မည်ဟု အီရန်ပြော
အစ္စရေးတိုက်ခိုက်မှုများတွင် အမေရိကန်ပါဝင်လာခဲ့ပါက ‌ဒေသတစ်ခုလုံးအတွက် ငရဲကျသဖွယ် ဖြစ်နိုင်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး က ဘီဘီစီသတင်းအား ပြောကြားသည်။
ယခုစစ်ပွဲမှာ အမေရိကန်၏စစ်ပွဲမဟုတ်ကြောင်း နှင့် အကယ်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ပါဝင်ပတ်သက်ခဲ့ပါက ၎င်းနှင့် မသက်ဆိုင်သောစစ်ပွဲတွင် ပါဝင်ခဲ့သူ အဖြစ် အမြဲတမ်း အမှတ်ရနေကြမည် ဖြစ်ကြောင်း မစ္စတာ ဆာအက် ခါတစ်ဇာဒေး က ပြောသည်။
အမေရိကန်ပါဝင်မှုဖြင့် စစ်ပွဲအား ကြီးမားသောအရှုပ်တော်ပုံ အဖြစ် ပြောင်းလဲစေရုံသာမက ၊ရန်လိုမှုများ ပိုများလာကာ ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်ရန် နှောင့်နှေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အီရန်တို့၏ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအတွင်း အစ္စရေးတောင်ပိုင်းမှ ဆိုရိုကာဆေးရုံထိမှန်ခဲ့ပြီးနောက် ၎င်း၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုတွင် ဆေးရုံဘေးရှိ စစ်စခန်းအား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း နှင့် ဆေးရုံအား ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ကြောင်း အီရန် အစိုးရ မီဒီယာက ပြောသည်။
ဆိုရိုကာဆေးရုံ တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၇၁ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးကျန်းမာ‌‌ရေး ဝန်ကြီးဌာနက ပြောသည်။
ထိုအတောအတွင်း အီရန်၏ နျူကလီးယားစခန်းများအား ပစ်မှတ်ထားခဲ့ကြောင်း နှင့် ယင်းတွင် အရက်ခ် ရေအရင်းအမြစ်ဓာတ်ပေါင်းဖိုဟောင်း နှင့် နာတန့်ဇ် ယူရေနီယံ သန့်စင်စက်ရုံများလည်း ပါဝင်ကြောင်း အစ္စရေးစစ်ဘက် က ပြောကြားသည်။
သံတမန်‌ရေး က ပထမဦးစားပေးဖြစ်သော်လည်း ဗုံးကြဲတိုက်ခိုက်ခံနေရစဉ် အီရန်က မည်သည့်ဆွေးနွေးပွဲကိုမျှ စတင်မည် မဟုတ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခါဘစ်ဇာဒေး က ဆက်လက်ပြောသည်။
ယခုပဋိပက္ခမှာ ရန်စမှုမရှိဘဲ မလိုအပ်ဘဲ ဖြစ်ပေါ်လာသော စစ်ပွဲဖြစ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
အမေရိကန်နှင့်နျူကလီးယားသဘောတူညီချက်အား အီရန်က လက်သင့်ခံခဲ့ပါက ပဋိပက္ခကို ရှောင်လွဲလိုက်နိုင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရန့် ၏ ထပ်တလဲလဲ ပြောကြားမှုများအား တုံ့ပြန်ရာတွင် အီရန်အပေါ် တိုက်ခိုက်မှုများ စတင်ပြီး အစ္စရေးက ကဖျက် ယဖျက် လုပ်လိုက်သည့်အချိန်အထိ အီရန် က ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေခဲ့ကြောင်း အီရန် ဒုနိုင်ငံခြား‌ရေး ဝန်ကြီး က ထောက်ပြသည်။
“ ကျွန်တော်တို့က( အိုမန်မြို့တော်)မတ်စကတ်မြို့မှာ ခြောက်ကြိမ်မြောက် ဆွေးနွေးဖို့ လုပ်နေခဲ့ကြတာပါ။ တစ်ကယ်တမ်းကျရင် ကျွန်တော်တို့ က သဘောတူညီချက်တစ်ခု ရလု နီးနေပါပြီ။ သဘောတူညီချက်ရခါနီးနေပြီ ဆိုတာကို သမ္မတ ထရန့် က တခြားလူတွေထက် ပိုပြီး သိပါတယ်။” ဟု၎င်းက ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image