9 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်မန္တလေးနန်းမြို့ရိုးအားပြုပြင်ရာတွင် RC ကွန်ကရစ်ထည့်သွင်းခြင်းမပြုလုပ်ရန် တရုတ်ပညာရှင်အဖွဲ့အကြံပြု
ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးနန်းမြို့ရိုးအားပြုပြင်ရာတွင် RC ကွန်ကရစ်ထည့်သွင်းခြင်း များမပြုလုပ်ရန် တရုတ်နိုင်ငံ၊ National Cultural Heritage Administration နှင့် Shaanxi Provincial Cultural Heritage Administration မှ ပညာရှင်များကအကြံပြုပြောဆိုထားကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှသိရသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းရှိ နန်းမြို့ရိုး၊ ပြအိုး၊ ပြာသာဒ်များ၊ နန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ မန္တလေး နန်းမြို့ရိုးပတ်လည်ဧရိယာရှိ မြို့ဝင်ပေါက်၊ သူရဲပြေး၊ သူရဲခို၊ ပြအိုး၊ ပြာသာဒ်၊ မီးတား အင်္ဂါအပြည့်အစုံ ပါသောတစ်နေရာကို ပြုပြင်ပေးရန် တရုတ်-မြန်မာချစ်ကြည်ရေးအနေဖြင့် တရုတ်ပညာရှင်အဖွဲ့ အားတောင်းဆိုခဲ့ကြောင်း၊ တန်ဖိုးကြီးမားပြီး အနုလက်ရာရှိသော ရှေးဟောင်းအဆောက်အအုံများကို ပျက်ပုံအတိုင်းထိန်းသိမ်းပြီး အန္တရာယ်ကင်းအောင်၊ ထပ်မံပြိုကျခြင်းမရှိအောင် မည်သို့ဆောင်ရွက် ရမည်ကို အကြံပြုပေးစေလိုကြောင်းတောင်းခံခဲ့သည်။
National Cultural Heritage Administration နှင့် Shaanxi Provincial Cultural Heritage Administration မှ ပညာရှင်များအဖွဲ့များကလည်း မြို့ရိုးတွင်ပျက်စီးခဲ့သည့်အစိတ်အပိုင်းများကို RC ကွန်ကရစ်ဖြင့် ငလျင်ဒဏ်ခံနိုင်အောင်ရည်ရွယ်၍ တည်ဆောက်ခြင်းကိုမပြုလုပ်သင့်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်ရန်မလိုဘဲ ရှေးမူမပျက် ဆောင်ရွက်ရန်လိုကြောင်း၊ RC ကွန်ကရစ်ဖြင့်တည်ဆောက်ပါက မိုးရေစိမ့်ဝင်လာလျှင် အတွင်းတွင် ရေပြန်မထွက်နိုင်ဘဲ မူလရှေးဟောင်းအုတ်ချပ်များအား တဖြည်းဖြည်းဆွေးမြေ့ပျက်စီးစေနိုင်ကြောင်း၊ အုတ်နှင့်သစ်သားတွဲဆက်သည့်ပုံစံသည် သဟဇာတမဖြစ်ကြောင်း၊ အုတ်များသည်သစ်သားတိုင်ကို ကာကွယ်သည့်အနေအထားတွင်သာရှိကြောင်း၊ အုတ်ပြန်စီသည့်အခါ အထူးသတိထားရန်လိုကြောင်း၊ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးမှဆောင်ရွက်သည်ထက် ပုံမှန်စစ်ဆေးပြီးထိန်းသိမ်းရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိန်းသိမ်းရေးဆောင်ရွက်ရာတွင်လည်းရှေးနည်းနှင့် သိပ္ပံနည်းပေါင်းစပ်၍ ဆောင်ရွက်ရန်လိုကြောင်း ပြန်လည်အကြံပြုပြောဆိုသည်။
ထို့ပြင်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တရုတ်နိုင်ငံ၊ National Cultural Heritage Administration နှင့် Shaanxi Provincial Cultural Heritage Administration မှ ပညာရှင်များက ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ ၂၇ နေရာကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-CJ

image