9 w - Translate

သင်္ဘောပင်သည်အပူပိုင်းစာသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိ တိုင်းပြည်များတွင် စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင်းစိုက်ပျိုးကြပါသည်။
သင်္ဘောမျိုးများ
သင်္ဘောတွင်အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဟူ၍ အဓိကသုံးမျိုးရှိပါသည်။ အဖိုပင်မှအသီးသီးသည်ကို တွေ့ရခဲလှပါသည်။ အမနှင့်လိင်စုံပင်များမှသာ အသီးသီးလေ့ရှိပါသည်။
အဖိုပင် = အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်သည်။ အဖိုပင်မှ ပုံမှန်အားဖြင့် အသီးသီးလေ့မရှိသော်လည်း အပင်ကိုထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာ အသီးငယ်များသီးလာတတ်သည်။ ဤအပင်ကို သင်္ဘောပဒေသာဟုခေါ်သည်။
အမပင် = အမပင်သည် အပွင့်ပွင့်၍ သီးလေ့ရှိသည်။ ထိုကြောင့် မျိုးအောင်ရန်အတွက် အခြားအပင်းမှ ဝတ်မှုံကူးပေးရသည်။ ရာသီဥတုမြေပြောင်းလဲခြင်းကြောင့် အပွင့်သဘာဝပုံသဏ္ဍန်ပြောင်းလဲမှုမရှိပေ။
လိင်စုံပင် = အပွင့်ပွင့်ရာတွင် ပွင့်တံတစ်ခုမှ အပွင့် နှစ်ပွင့်သုံးပွင့် ပွင့်တတ်သည်။ အပွင့်များတွင်အဖိုပွင့်နှင့် အမပွင့်များ ရောပါတတ်သည်။
သင်္ဘောပင်ပျိုးထောင်နည်း
သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင်၊ ပျိုးခြင်း၊ ပလတ်စတစ်အိတ်၊ ပုံး၊ ခွက် စသည်တို့ကိုအသုံးပြုနိုင်ပါသည်။
ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊ သဲ၊ မြေကြီးတို့ကို ဆတူရောမွှေထားသောမြေမျိုးဖြစ်ရပါမယ်။ သင်္ဘောစေ့ကိုပျိုးထောင်ရာတွင် မြေနက်နက်ဖုံးမိလျှင် အစေ့ပုတ်သွားပြီးအပင်ပေါက်ညံ့ဖျင်းတတ်သည်။ အစေ့ကိုမြေပါးပါးလောက်ပဲဖုံးပါ၊ အပေါ်မှကောက်ရိုးပါပါဖုံးအုပ်ထားပါ။ ရေလောင်းပေးပါ ကောက်ရိုးပါးပါးအုပ်မှသာ ရေလောင်းသည့်အခါအစေ့များပေါ်မလာအောင်ထိန်းရင်း အပူဒဏ်လည်းကာကွယ်ပြီးဖြစ်သည်။
သင်္ဘောပျိုးထောင်သူတချို့က ပျိုးထောင်ရာတွင်သွပ်ပြားကို အောက်ခံပြီးမှ ယင်းအပေါ် မြေသား လေးလက်မခန့်အထူထည့်၍ ပျိုးထောင်လေ့ရှိသည်။ အဖိုပင်သည် အမပင်ထက်ပိုမိုသန်စွမ်းသောကြောင့် အမြစ်သည်အောက်တွင်ခံထားသော သွပ်ပြားနှင့် မြန်မြန်ထိလွယ်ပေရာ ပြောင်းရွှေ့စိုက်ပျိုးချိန်တွင် အဖိုပင်များသည်ညှိုးနွမ်းလေ့ရှိသည်။
အဖိုပင်နှင့်အမပင်ခွဲခြားရာတွင် ဤနည်းကိုအများဆုံးအသုံးပြုကြသည်။ ပျိုးသက်တစ်လခွဲမှ နှစ်လသားခန့်ရှိလျှင် စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ပျိုးအိပ်ဖြင့်လည်း တစ်ပင်ချင်းစီ ပျိုးနိုင်ပါသည်။
မြေပြုပြင်နည်း
စိုက်ကျင်းတူးမည့်နေရာတွင် ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။ စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေးမှာ မျိုးကိုလိုက်၍ 8-12 ပေအထိထားသင့်သည်။ မိုးများသောဒေသများတွင် တစ်ပေပတ်လည်ကျင်း တူးသင့်သည်။ စိုက်ကျင်းတစ်ကျင်းတွင် နွားချေးဆွေး သို့မဟုတ် သစ်ရွက်ဆွေးမြေသြဇာနှင့် သဘာဝမြေသြဇာများကို ခွဲတောင်းတစ်လုံးခန့်ထည့်ပေးသည်။ သင်္ဘောပင်ကို စိုက်ပျိုးရာတွင် လေးကွက်ကျားစနစ်ဖြင့်စိုက်ပါက အပင်အရေအတွက် 15 ရာခိုင်နှုန်းပိုဝင်သည်။ လေးကွက်ကျားစနစ်ဖြင့် ရှစ်ပေ × ရှစ်ပေ အကွာစိုက်ပါက တစ်ဧကတွင်သင်္ဘောပင် 680 ခန့်ဝင်၍ 12 ပေ × 12 ပေအကွာစိုက်လျှင် တစ်ဧကတွင် 301 ပင်ဝင်ဆံ့မည်။
ရွှေ့ပြောင်းစိုက်ပျိုးနည်း
အသင့်ပြင်ထားသောစိုက်ကျင်းများ၌ လိင်စုံပင်များကိုတစ်ကျင်းလျှင် တစ်ပင်ကျစိုက်၍ အဖိုအမ မသေချာသည့်ရိုးရိုးပင်ဖြစ်ပါက တစ်ကျင်းလျှင်နှစိပင်ကျစိုက်ရမည်။ သတိပြုရန်စည်ပိုင်းကိုမြေထဲမြုတ်အောင်မစိုက်မိရန်ဖြစ်သည်။ စိုက်ပြီးလျှင်ရေကိုဝအောင်လောင်းပေးရသည်။ ပျိုးမထောင်ပဲအပင်ကိုတိုက်ရိုက်စိုက်မည်ဆိုလျှင် စိုက်ကျင်းထဲသို့ အစေ့များထည့်၍ စိုက်ပျိုးရသည်။ စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါက ဝတ်မှုန်ကူးရန်အတွက် အမပင် 20 လျှင် အဖိုတစ်ပင်နှုန်းထားပေးရသည်။ ရေမဝပ်စေရန် သတိထားရမည်။
မြေသြဇာကျွေးနည်း
ရွှေ့ပြောင်းစိုက်ပြီးအမြစ်စွဲသည့်အချိန်မှစ၍ 6 လတစ်ကြိမ် စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေးတစ်တောင်ခန့်ကျွေးရပါသည်။ နွားချေးဆွေးမြေသြဇာကျွေးချိန်တွင် တစ်ဧကလျှင် ယူရီးယား 12 ပေါင် တီစူပါ 240 ပေါင်နှင့် ပိုတက်ရှ် 240ပေါင်နှုန်းကျွေးပေးရသည်။ ဓာက်မြေသြဇာများကျွေးရာတွင် အမြစ်များသွားသည့်အကွာအဝေးထိ အနှံ့ပက်ကျဲပေးရသည်။ အမြစ်များသည် အပင်အမြင့်ထက်ပို၍ရှည်အောင် သွားနိုင်ကျသည်။ ဓာတ်မြေသြဇာကျွေးပြီးချိန်တွင် ရေဝအောင် လောင်းပေးရသည်။ ပိုတက်ဆီယမ်ချို့တည့်သောမြေများတွင် သင်္ဘောပင်အောက်ရွက်များ ဝါကျင်ခြင်း၊ အသီးတွင်သကြားဓာက်နည်းသွားခြင်းနှင့် အနံအရသာ သိသိသာသာညံ့ဖျင်းသွားခြင်းတို့ ဖြစ်တတ်သည်။ ထိုသို့ပိုတက်စီယမ်ဓာက်ချို့တည့်မှုဖြစ်ပါက ပိုတက်စီယမ်ဆာလဖိတ် (ဓာက်ဆား) ကိုရေဖျော်၍အရွက်များအပေါ် နှံ့အောင်ဖျန်းပေးရပါသည်။
ဆွတ်ခူးခြင်းနှင့် အထွက်နှုန်း
စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးပြီး လေးငါးလကြာလျှင် ပန်းစပွင့်၍ ခြောက်လကြာလျှင် အသီးစတင်သီးသည်။ သုံးနှစ်သားအရွယ်ထိ အသီးအထွက်ကောင်းသည်။ မျိုးကိုလိုက်၍ တစ်ပင်လျှင်အသီး 50 မှ 100 အထိသီးနိုင်သည်။ သင်္ဘောပင်များကိုလေးကွက်ကျားစနစ်ဖြင့်စိုက်ပါက သင်္ဘောတစ်ပင်သည် ပျမ်းမျှ 70 ခန့်သီးလျှင် တစ်ဧမှအသီးပေါင်း 47600 ရနိုင်သည်။

image