အာတိတ်ရေခဲပြင်မှာ မောင်းပြမယ့် ရုရှားဖြစ် Atom လျှပ်စစ်ကား
ကမ္ဘာ့ရာသီဥတုအကြမ်းဆုံးဆိုတဲ့နေရာမှာ ရုရှားတွေက လျှပ်စစ်ကား သွားစမ်းဖို့ လုပ်နေပါတယ်။
ရုရှားကုမ္ပဏီ Kama JSC ထုတ် Atom လျှပ်စစ်ကားကို ဒီလကုန်ပိုင်း အာတိတ်စူးစမ်းလေ့လာရေးနဲ့အတူ ရေခဲပြင်ဆီ ပို့ပြီး စမ်းမှာပါ။ ကားကိုတော့ Murmansk မြို့ကနေ အာတိတ်ရေခဲပြင်အရောက် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘော 50 Let Pobedy နဲ့ တင်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရေခဲအောင် အေးတဲ့ ရာသီဥတုမှာ ရုရှားထုတ် လျှပ်စစ်ကားက ဘယ်လောက်အကြမ်းခံပြီး စွမ်းဆောင်ရည်ထိန်းနိုင်လဲ ကြည့်ကြမှာပါ။ EV ကားတွေက အဲဒီလောက် အေးတဲ့နေရာတွေမှာ ဘက်ထရီထိတာ များပါတယ်။
EV မှာ သုံးတဲ့ လစ်သီယမ်အိုင်ယွန်ဘက်ထရီတွေက ရေခဲအောင်အေးတဲ့ အခြေအနေမှာ ဘက်ထရီစွမ်းရည် ထိုးကျပြီး မောင်းနိုင်တဲ့ အကွာအဝေး range ပါ ကျဆင်းစေပါတယ်။ အားသွင်းတာလည်း အများကြီး နှေးသွားမှာပါ။ Atom ကားကတော့ ဒီအခြေအနေကို စိန်ခေါ်ပါလိမ့်မယ်။
ဒီကားက မြင်းကောင်ရေ ၂၀၅ ကောင်အားသုံး လျှပ်စစ်မော်တာတပ်ကားဖြစ်ပြီး 77 kWh လစ်သီယမ်အိုင်ယွန်ဘက်ထရီနဲ့ လာပါတယ်။ တစ်ကြိမ်အားသွင်းထားရင် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀ ကျော်) မောင်းနိုင်ပြီး အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်အထိ အေးခံဒဏ်ကို ခံနိုင်ဖို့ ဘက်ထရီမှာ built-in heater တပ်ထားတယ်လို့လည်း ဆိုပါတယ်။
Atom EV တွေကို Moskvich စက်ရုံကနေ ဒီနှစ်တတိယသုံးလပတ်ထဲမှာ စတင်ထုတ်လုပ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှဈေးကွက်တွေထဲပါ ဖြန့်ဖို့ ရှိပါတယ်။
