ဒေးဒရဲကွမ်းသီးနု တစ်လုံး ၆၀ အထိ စျေးထိုးကျ
(ပြည်တွင်း) ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ကထွက်ရှိတဲ့ ကွမ်းသီးနုတွေကို တစ်လုံး ၆၀ နှုန်းနဲ့ ဒိုင်တွေကစျေးနှိမ်ဝယ်ယူနေတယ်လို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။
“မနှစ်က ကွမ်းသီးနု (၁)လုံး (၁၀၀)ကျပ် ဒီနှစ်ပေါ်ကာစ (၈၅)ကျပ် ခုလက်ရှိပေါက်ဈေးက (၆၀)ကျပ်ပဲရှိတော့တယ်။ အနှိမ်ခံရတဲ့သဘောပေါ့။၂၀၂၂ ခုနှစ်ကတောင် (၆၅)ကျပ် ရသေးတယ်။ အရာရာ ဈေးတက်ပြီးဆိုင် ပြန်ကျရိုးထုံးစံမရှိဘူး။ ဒါပေမယ့် အဲ့ဒီထဲမှာ မြန်မာပြည်က စိုက်ပျိုးရေးထွက်ကုန်တွေ မပါဘူး ” ကွမ်းစိုက်တောင်သူတစ်ဦးကပြောပါတယ်။
ဒါကြောင့် ကွမ်းသီးနုတွေကိုဆက်မခူးတော့ပဲ အမှည့်ထားပြီးမှသာ ရောင်းချတော့မယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သောင်းကျန်းသူအကြမ်းဖက်သမားတွေကြောင့် ခရီးသွားလာရေးအပြင် ကုန်စည်ပို့ဆောင်ရေးပါ အခက်အခဲရှိနေတဲ့ မွန်ပြည်နယ် ရေးမြို့နယ်က ကွမ်းသီးနုတွေ စျေးနှိမ်ဝယ်ယူခံနေရတယ်လို့ သိရပါတယ်။
အခုလိုအရောင်းအဝယ်အေးနေတာဟာ ရေးမြို့နယ်ထွက် ကွမ်းသီးနုတွေကို တရုတ်အဝယ်ဒိုင်က ဈေးနှိမ်ဝယ်ယူနေတာကြောင့်လည်းပါတယ်လို့လည်း သူကဆိုပါတယ်။
တရုတ်ကုန်သည်ဘက်က ကွမ်းသီးနုတွေကို အကန့်အသတ်နဲ့သာ ဝယ်ယူနေပြီး ဈေးနှိမ်ဝယ်နေတာကြောင့် တောင်သူတွေ အရောင်းအဝယ် ရပ်ထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရေးဒေသထွက် ကွမ်းသီးနုတွေ တစ်ပိဿာ တစ်သောင်းခွဲကျပ်အထိ ဈေးရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၅၀၀၀ ကျပ်သာပေးဝယ်ယူခဲ့ကြပြီး ကွမ်းသီးနုတွေကို သတ်မှတ်ထားတဲ့ အလုံးအရွယ်အစားနဲ့ အလေးချိန်အလိုက်သာ ရွေးချယ်ဝယ်ယူနေတာကြောင့် တောင်သူတွေဆုံးရှုံးမှုရှိနေတယ်လို့ သိရပါတယ်။
