လူသိပ်မသိတဲ့ မာစတာပိ ဂွတ်ရှယ် - The Adventures of Tintin
ဒီကားလေးထွက်ပြီးတာလဲ အချိန်အပိုင်းအခြားတစ်ခုမှာဆိုရင်တော့ ၂၀၁၁ကနေ ခု ၂၀၂၅ ဆိုတာက ၁၄ နှစ်တောင်ရှိပြီဗျာ။
ဒုတိယကားထွက်ဖို့ စောင့်နေခဲ့တဲ့ကလေးတွေဟာ အခုဆို လူကြီးတွေဖြစ်ကုန်ပြီ။
အဲ့ထဲမှာ ကျွန်တော်အပါအဝင် တယောက်ပေါ့။
မှတ်မှတ်ရရ ကျွန်တော် Tintin ကို ရုံတင်တော့ အမေ့ဆီ ပြန်ရောက်တုန်း ရုပ်ရှင်လိုက်ပြဖို့ ပူဆာခဲ့ပြီး သမ္မတရုပ်ရှင်ရုံမှာ ကြည့်ခွင့်ရခဲ့တာပဲ၂၀၁၁ ပေါ့ဗျာ။
ကျွန်တော်ဟာ ငယ်ငယ်လေးထဲက Tintin ကာတွန်းဇာတ်လမ်းတွေနဲ့ အကျွမ်းတဝင်ရှိ ရင်းနှီးခဲ့ပြီး comic လဲ ဖတ်ဘူးပါတယ်။
စာအုပ်ကြီး ဝယ်မဖတ်နိုင်ပါဘူး — ပုတက်ဂျာနယ်က ဟာလေးပါ။
Shout out to ပုတက် ပါ။
The Adventures of Tintin အကြောင်းပြောရရင် ဒီဇာတ်လမ်းအမျိုးအစားက Indiana Jones တွေလို Pirates of the Caribbean တွေလို ရတနာရှာဖွေ၊ ထူးခြားဆန်းပြား၊ ကမ္ဘာတလွှား စွန့်စားခန်းတွေနဲ့ ဝေဆာတဲ့ကားပဲဗျာ။
Adventure Mystery လို့ အလွယ်ပြောပြလိုက်ပါမယ်။
ကောင်လေး တင်တင်က ဒီဇာတ်လမ်းရဲ့ မင်းသားပေါ့။
သူက ရဲရင့်တယ်၊ အမှန်တရားဘက်တော်သား၊ မဟုတ်မခံနဲ့ လူငယ်တွေအတွက် ပြယုဒ်ပဲပေါ့ဗျာ။
စူးစမ်းလေ့လာရတာနဲ့ ဖော်ထုတ်ရတာတွေ နှစ်သက်တဲ့ ကောင်လေးဆီကို စုံထောက်ဆန်ဆန်လိုက်ရမယ့် အမှုကိစ္စတွေ ရောက်ရောက်လာပြီး တင်တင်နဲ့အရှုပ်တော်ပုံများ ဇာတ်လမ်းကြီးပေါ့။
ဒီကားကလဲ Tintin ရဲ့ ရုပ်ပြစာအုပ်နှစ်ခုဖြစ်တဲ့ The Secret of the Unicorn နဲ့ Red Rackham’s Treasure ကို ရောထားတာပါ။
Indiana Jones နဲ့ Jack Sparrow vibe အပြည့်ရမယ်ဗျာ။
ဒါရိုက်တာကလဲ Indiana Jones ကိုဖင်မွှေးဖြူတဲ့ထိ ရိုက်ခဲ့တဲ့ Steven Spielberg ကိုမှ Fantasy ဆရာကြီး Peter Jackson က ထုတ်လုပ်တယ်ဆိုတော့ Adventure Mystery ဆန်တာ ဘာဆန်းလဲ။
ဇာတ်လမ်းရဲ့ character တွေကလဲ သူ့နေရာနဲ့သူ အံဝင်ခွင့်ကျပဲ။
Ever မူးနေတဲ့ Captain Haddock ဆိုရင်လဲ ငမူးကပ်ပတိန်၊ အမြဲ ဒေါသကြီးတယ်ဆိုတာမျိုးကနေ —
အတိတ်မှာ လူစွမ်းကောင်းတယောက်ဆိုတာတွေ၊ ကောင်လေး တင်တင်နဲ့ အလိုပ်ဖက်ဆွမ်းမိတ်ဆွေ ဖြစ်ခဲ့တာတွေ၊ development တွေလဲ တွေ့ခဲ့ရတယ်။
ဒီဇာတ်လမ်းက ကလေးတွေတင်မဟုတ်ဘဲ လူကြီးတွေအတွက်ပါ ကြည့်လို့ရတဲ့ range ရှိနေတဲ့
အဖိုးမဖြတ်နိုင်တဲ့ cinematic ရတနာကားတကားလို့ ပြောရင် ကျွန်တော်ကိုယ်ထဲက ၁၂ နှစ်လေးက မငြင်းပါဘူး။
ဒုတိယအဆက်ကား လာမယ့်အရိပ်အယောင်တွေကို ကားအဆုံးမှာ ပြခဲ့ပင်မယ့် ယနေ့တိုင် ကျွန်တော်တို့ မရရှိသေးပါဘူး။
ထွက်လာမယ်ဆို ကြည့်ဦးမယ် ရုပ်ရှင်ကားလေးပါ။
