Dustin Poirier ၊ Justin Gaethje ၊ Max Holloway နဲ့ Charles Oliveira တို့မှာ ဘယ်သူသာလဲ ပြောရခက်တယ်။ ဒီလူတွေက သိပ်မကွာကြပါဘူး။ ထိပ်တန်းကစားသမားဖြစ်လာတာ (၆) နှစ်လောက်ရှိနေပြီ။ အခုချိန်မှာလည်း လိုက်ဝိတ်ထိပ်တန်း (၅) ယောက်စာရင်းဝင်တွေပဲ။ ဒါပေမယ့် ချန်ပီယံဖြစ်ခဲ့ဖူးကြတဲ့ Max Holloway နဲ့ Charles Oliveira တို့က Dustin Poirier နဲ့ Justin Gaethje တို့ထက် အဆင့်သာတယ်။ ကိန်းဂဏန်းအရဆိုရင် ချန်ပီယံသုံးကြိမ်ကာကွယ်ခဲ့ဖူးတဲ့အပြင် BMF Champion ဖြစ်နေတဲ့ Max Holloway က အမြင့်ဆုံးပါပဲ။
Dustin Poirier နဲ့ Justin Gaethje တို့က အပြန်အလှန်နိုင်ဖူးကြတယ်။ ကြားဖြတ်ချန်ပီယံဖြစ်ခဲ့ဖူးကြပြီး ချန်ပီယံလုပွဲတွေမှာ ပွဲသိမ်းခံထားဖူးတယ်။ သူတို့ချင်းက ဝမ်း-ဝမ်းမို့လို့ ထားလိုက်ပါ။ သူတို့ကို နိုင်ဖူးတာက Charles Oliveira ဖြစ်ပါတယ်။ Dustin Poirier နဲ့ Justin Gaethje တို့ကို Rear Naked Choke လုပ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် Charles Oliveira နဲ့ Justin Gaethje ကို နိုင်ဖူးတာက Max Holloway ဖြစ်ပါတယ်။ ဖယ်သာဝိတ်တန်းမှာ Max Holloway က Charles Oliveira ကို ပွဲသိမ်းဖူးပါတယ်။ ဝင်လုံးဖို့ ကြိုးစားလာတဲ့ Charles Oliveira က ပခုံးဒဏ်ရာကြောင့် တိုင်ပတ်သွားတာပါ။ ဒါပေမယ့် Max Holloway လည်း Dustin Poirier ကို နှစ်ကြိမ်တောင် ရှုံးဖူးပါတယ်။ တတိယပွဲလာလိမ့်ဦးမယ်။ အခုချိန်မှာ Dustin Poirier က အကျပိုင်းရောက်နေပြီး နောက်ဆုံးပွဲလည်း ဖြစ်နေပြန်တယ်။ ရလဒ်အားဖြင့် ပတ်လည်ရိုက်နေတာပဲ။ အဲဒါကြောင့် ဒီလူတွေက သိပ်မကွာကြပါဘူးလို့ ကြိုရေးထားတာပါ။
Dustin Poirier ၊ Max Holloway နဲ့ Charles Oliveira တို့က ဖယ်သာဝိတ်တန်းကနေ လိုက်ဝိတ်တန်းကို တက်လာကြတာပါ။ Justin Gaethje ဆိုတာ ဟိုးအရင်တည်းက လိုက်ဝိတ်သမားပါပဲ။ UFC 300 ပြိုင်ပွဲမှာ Max Holloway က Justin Gaethje ကို အလဲထိုးပြီး BMF Champion ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံကာကွယ်ပွဲမှာ Max Holloway က Dustin Poirier ကို ကစားရပါမယ်။ တစ်လပဲ လိုတော့တာမို့ စောင့်ကြည့်ကြပါစို့။
