1 w - Translate

“Echo ရဲ့ ပဲ့တင်သံ “
ဒီ Echo ဆိုတဲ့စာအုပ်လေးကို ရေးသားပြုစုသူကတော့ ဆရာငြိမ်းအေးအိမ်ပါဘဲ။
မှတ်မှတ်ရရ ပြောရရင် ကျွန်တော့်နေတဲ့မူဆယ်ကို လွယ်လွယ်ကူကူရောက်မလာနိုင်တဲ့ ဆရာငြိမ်းအေးအိမ်ရဲ့
ဒုတိယမြောက်စာအုပ်လို့ဆိုချင်မိပါရဲ့။
အစ်ကိုငြိမ်းနဲ့ကျွန်တော်ကဓါတ်ပုံရိုက်တာစိတ်တူ၊သီချင်းနားထောင်တာစိတ်တူ၊စာဖတ်တာစိတ်တူဆိုတော့ ဖေစ်ဘုတ်မှာ ဖရင့်တွေဖြစ်။
တစ်ယောက်တင်တဲ့စာကိုတစ်ယောက်က သဘောကျရင်ကော်မင်းတွေပေးနေကြပေမယ့် လူချင်းတော့ တစ်ခါမှ မဆုံဘူးကြ။
မှတ်မှတ်ရရ ၂၀၁၈လောက်က ကျွန်တော်သံစျေး ဘုတ်ပလာဇာမှာစာအုပ်တက်၀ယ်တော့ ဆရာငြိမ်းအေးအိမ်နာမည် ပါတဲ့စာအုပ်မိတ်ဆက်ပွဲလေးအတွက်ရေးထားတဲ့ ဗီနိုင်းလေးချိတ်ထားတာမြင်မိလို့မေးကြည့်တော့ “နေ့လည်ပိုင်းမှာမှ ပွဲစမှာ ဆရာငြိမ်းအေးအိမ် လာမလာတော့ သေချာမသိဘူး”တဲ့။
အဲ့ဒါနဲ့ဘဲ ကျွန်တော်လည်းအချိန်မရတာကြောင့် ပွဲကိုမစောင့်ဘဲပြန်ခဲ့ရတော့ မတွေ့ဘဲလွဲ။
အစ်ကိုငြိမ်း ရဲ့စာအုပ်ကိုကျွန်တော်စ၀ယ်ဖြစ်တာ “ညို့ငင်တောင်”၊
အဲ့စာအုပ်ဖတ်မိမှ မြန်မာပြည် ကချင်ပြည်နယ်ဘက်က ထင်းရူးပင်တွေက တရုပ်ပြည်ဘက်ကိုရောက်ပြီး
ခေါင်းတလားတွေဖြစ်ကုန်တယ်ဆိုတာအံ့သြစွာသိရ။
နောက်ကျွန်တော့်ထပ်၀ယ်ဖြစ်တဲ့စာအုပ်က “ သိမ်းထုတ်ထားတဲ့လွင်ပြင်ကျယ်“၊
အဲ့စာအုပ်ကတော့ စာပေဆိုင်ရာ သီအိုရီတွေပါတော့ ကျွန်တော့်အတွက်လေးလံပြီးအကြာကြီးနေမှ ဖတ်ဖြစ်တယ်။
နောက်တစ်အုပ်ကတော့ “ အဝါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင် “၊
နုဖတ်ပြီးအုမွနေတဲ့ အချစ်ဇာတ်လမ်းလေး ကျွန်တော်သိပ်ကြိုက်တာပေါ့။
နောက်တစ်အုပ်ကတော့ အစ်ကိုငြိမ်းက ဖေစ်ဘုတ်ထဲမှာ ရေးထားလို့သိနေတဲ့အကြောင်းလေး။
“သေခြင်းရဲ့ရနံ့ “တဲ့။
အများသိပြီးသားမို့ ဒီစာအုပ်ထဲက ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။
ဖတ်ပြီး ရင်ဆို့ရတဲ့ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကို ဖော်ညွှန်းထားတဲ့စာအုပ်လေး။
ဒီစာအုပ်ရဲ့အလွဲကြောင့် ကျွန်တော်နဲ့မူဆယ်စာတိုက် စကားအခြေအတင်ပြောကြရာကနေ မိတ်ဆွေကောင်းတွေဖြစ်သွားစေတဲ့စာအုပ်လေးပေါ့။
ကျွန်တော်စာအုပ်လေးကို ရန်ကုန်ကနေမှာတယ်။
ပြီးတော့ ကျွန်တော်က ခရီးထွက်သွားတယ်။
စာတိုက်ကကျွန်တော့် ကိုဖုန်းဆက်တယ်။
ဖုန်းမကိုင်လို့ပြန်ပို့လိုက်တယ်။
မူဆယ်ပြန်ရောက်လို့မေးတော့ တစ်ခါဘဲဆက်တယ်။ဆက်မရရင်ပြန်ပို့တယ်တဲ့။
နောက်တစ်ခါထပ်ပြီး မှာတယ် ဖတ်ချင်လွန်းလို့။
စာအုပ်ရောက်တဲ့အချိန်ကျွန်တော်မြန်မာဖုန်းလိုင်းမမိတဲ့ ရွှေလီမြို့ အနောက်ဘက်ခြမ်းကိုရောက်နေတယ်။
ဖုန်းဆက်မရ ပြန်ပို့။
ကျွန်တော်မူဆယ်ဘက်ရောက်လို့စာတိုက်သွားမေးတော့ ပြန်ပို့လိုက်ပြီတဲ့။
အဲ့မှာစကားတွေအများကြီးပြောရတော့တာပါဘဲ။
သူတို့ဘက်ကကြည့်ပြန်တော့လည်း အဆက်အသွယ်မရတဲ့စာအုပ်ဆိုရင် အကြာကြီးသိမ်းထားလို့မရ။
ဒယ်လီတွေနဲ့စာချုပ်ထားတာကလည်း “တစ်ကြိမ်ဆက်မရရင် ထပ်မဆက်ဘူး ပြန်ပို့မယ်”ဆိုတော့သေပေါ့။
အဲ့မှာစာတိုက်က ညီမလေးတစ်ယောက်က “လေးလေး လာယူမှာသေချာရင် ကျွန်မတို့သိမ်းထားပေးမယ်”
လို့ပြောလာတဲ့ အချိန်ကစပြီး ကျွန်တော်မှာသမျှစာအုပ် ကျွန်တော်အကုန်ရ။
စိတ်တွေကိုချမ်းသာလို့နေရော။
အဲ့လိုအဆင်ပြေနေရင်းကနေ ECHO ဆိုတဲ့စာအုပ်ထွက်မယ်ဆိုတော့လိုချင်တာပေါ့။
သူ့ဖေစ်ဘုတ်ထဲမှာ နေမကောင်းတဲ့ကြားထဲကနေ ရေးထားတာကို သိနေတာကိုး။
ထွက်ခါနီးတော့ ၀န်ဇင်းကို လှမ်းမှာလိုက်တယ် ဆရာလင်းအိမ်စာအုပ်ရယ် ဆရာကြီးသိန်းသန်းထွန်းရဲ့
ဘယ်ပန်းရေးလို့မှ မမှီ ရယ်၊ ECHOရယ်ပေါ့။
စာတိုက်ကိုလည်း စာအုပ်မှာထားတယ်ဆိုပြီးသံချောင်းခေါက်ထားတာပေါ့။
ဖြစ်ချင်တော့ ရှမ်းပြည်နဲ့ မြန်မာပြည် လမ်းတွေပိတ် စာတိုက်လည်းပိတ်။
အဆက်အသွယ်တွေပြတ် စာအုပ်လည်းငတ်ပေါ့။
နောက်လမ်းပွင့်တယ်ဆိုတော့ အဲ့စာအုပ်ရှာခိုင်းတာမရ။
ဒီနှစ်မတ်လရောက်မှ စာအုပ်ရပြီဆို သတင်းရ။
ဒါပေမယ့် သင်္ကြန်တွင်းဖတ်ချင်တာ သင်္ကြန်ပြီးမှရောက်လာ။
မာတိကာလေး ကြည့်ပြီးသဘောတွေကျ။
သဘောကျဆို ကျွန်တော့်စာအုပ် “ နွေးသီး“ကို အစ်ကိုငြိမ်းက ရီဗျူးရေးထားတာလေးကို ဒီစာအုပ်ထဲမှာပါတာကုိး။
ကျွန်တော်ရေးထားတာက မြန်မာသီချင်းတွေအကြောင်းမို့ သူက ရီဗျူးပြန်ရေးပေးတာပါ။
ဒီစာအုပ်လေးကတော့ အစ်ကိုငြိမ်း ဖတ်ပြီးတဲ့စာအုပ်ပေါင်းများစွာထဲက သူရင်မှာလာငြိနေတဲ့ အကြောင်းလေးတွေကို သတိတရနဲ့စားမြုံ့ပြန်တဲ့စာအုပ်လေးပါ။
စာအုပ်ပေါင်း(၃၉)အုပ်အကြောင်းပါ ပါတယ်။
ဖတ်မှတ် ဆင်ခြင် စဉ်းစားပြီးမှအစ်ကိုငြိမ်းခံစားရသမျှ အမြင်လေးတွေကို ပြန်ချဆွေးနွေးထားတဲ့စာအုပ်လေးပါ။
ကျွန်တော်ဖတ်ဘူးတာတွေလည်းပါတယ်။
မဖတ်ဘူးသေးတာလေးတွေလည်းပါတယ်။
အကြိုက်တူတာလည်း ပါတယ်။
အကြိုက်မတူတာတွေလည်းပါတယ်။
ကျွန်တော်မသိတဲ့ မဖတ်ဘူးတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေလည်းပါတယ်။
အဲ့တော့ ဖတ်ဘူးပြီးသားတွေကို တစ်ခေါက်ပြန်ဖတ်ပြီး မဖတ်ရသေးတဲ့စာအုပ်တွေကိုတော့ ပြန်ရှာ၀ယ်ရတော့မှာပေါ့။
အဲ့ကိစ္စက အတွေးလွယ်သလောက် လုပ်ဘို့ မလွယ်။
နှစ်တွေကြာတဲ့ အနှစ်စာအုပ်တွေက ပြန်ရဘို့မလွယ်။
ဘာဘဲပြောပြော ရောက်လေရာ ဘ၀ထဲမှာ ထဲထဲ၀င်၀င်ရှိနေခဲ့ဘူးတဲ့
အလေးအနက်ထားပြီးစာရေးတတ်တဲ့ အစ်ကိုငြိမ်းရေးတဲ့စာတွေကတော့ ရင်ထဲမှာ ငြိစရာတွေချည်းပါဘဲ။
ကျန်းမာရေးမကောင်းတဲ့အကြားက ဒီလိုမှတ်တမ်း အကြီးကြီးကျန်အောင်ဆောင်ရွက်နိုင်တာ လေးစားပါတယ်
အစ်ကိုငြိမ်း။
ခံစားနေရတဲ့ ဝေဒနာတွေ သက်သာပြီး အသက်ရှည်ရှည်နေသွားခွင့်ရပါစေလို့ ဆိုတောင်းပေးပါတယ်။

image