1 w - Translate

"အကြွင်းမဲ့အာဏာရှင်စနစ်ဟာ လူတွေ စိတ်တွေကို ထိန်းချုပ်ရုံတင်မက အတိတ်ကာလနဲ့ ခံစားချက်တွေကိုပါ ထိန်းချုပ်နိုင်တယ်"
ဂျော့အိုဝဲလ် ရဲ့ နာမည်အကြီးဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့
၁၉၈၄ ကို ဝင့်ပြုံးမြင့် ဘာသာပြန် ထားတာဖတ်လိုက်ရတယ်။
ကမ္ဘာကျော်စာအုပ်မို့ တော်တော်များများက ရင်းနှီးပြီးသား ဖြစ်မှာပါ။
ဇာတ်လမ်းကတော့ အကြွင်းမဲ့အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံရဲ့
ဖိနှိပ်ထားမှုတွေကို နောက်ခံထားတဲ့ လူသားရဲ့ ချစ်ခြင်း၊ မတူခြားနားမှုကို
ဆာလောင်ခြင်းတို့ကို ပြသထားတာပါ။ စာဖတ်နေသူတိုင်း မောဟိုက်မွန်းကျပ်
လာအောင် ရေးဖွဲ့ပြနိုင်တဲ့ ဂျော့အိုဝဲ ဟာ ကျော်လည်းကျော်ထိုက် ပါပေတယ်။
ဝင့်ပြုံးမြင့် ရဲ့ ဘာသာပြန် အတတ်ပညာအနုပညာ ကလည်း မြန်မာလို ဖတ်သူကိုအများကြီး ပံ့ပိုးပေးပါတယ်။
အိုးရှင်းနီးယား လို့ခေါ်တဲ့ စိတ်ကူးယဉ် နိုင်ငံတစ်ခုကို အခြေခံထားတယ်။
Big Brother လို့ အားလုံးက ခေါ်ကြတဲ့ အစ်ကိုကြီး ဆိုသူက ဒီတိုင်းပြည်ကို အုပ်ချုပ်တယ်။
အုပ်ချုပ်တယ်လို့တောင် သုံးလို့ရပါ့မလား မသိဘူး။ ထိန်းချုပ်ထားတယ်။ ဘာတွေထိန်းချုပ်ထားသလဲဆိုတာကို မဖတ်ရသေးသူတွေကို ညွှန်ပေးရမယ်ဆိုရင်တော့ စိတ်တွေကိုတောင်ထိန်းချုပ်ထားတယ်၊ ခံစားချက်တွေကို ထိန်းချုပ်ထားတယ်လို့ ပြောရမှာပါပဲ။ အာဏာရှင်တွေဟာအနာဂတ်ကို ၊ လက်ရှိအချိန်ကို ထိန်းချုပ်ထားတယ်လို့ အရင်က တွေးထင်ခဲ့ပါတယ်။ တကယ်တော့တချို့အာဏာရှင်တွေဟာ အတိတ်ကိုတောင် ထိန်းချုပ်ဖို့ ကြိုးစားကြပါတယ်။
၁၉၈၄ စာအုပ်ထဲကအစ်ကိုကြီးကတော့ အတိတ်ကို အောင်အောင်မြင်မြင် ထိန်းချုပ်ထားပါတယ်။
ဝင်စတန်လို့ ခေါ်တဲ့ အဓိက ဇာတ်ကောင်ဟာ အမှန်တရားဝန်ကြီးဌာနမှာ အလုပ်လုပ်တဲ့ ပါတီဝင်တစ်ယောက်ဖြစ်ပါတယ်။ လူ့စိတ်ကိုတောင် စောင့်ကြည့်နေတဲ့ တယ်လီစက် ကင်မရာကြီး၊ စိတ်တွေကို လိုက်စစ်တဲ့အတွေးထိန်းရဲတပ်ဖွဲ့၊ အစဉ်အမြဲဝါဒဖြန့်နေတဲ့ စက်ရုပ်လူ့အဖွဲ့အစည်း၊ ဒါတွေကို သူက ညည်းငွေ့နေတာပါ။အကြွင်းမဲ့အာဏာရှင်စနစ်ဟာ လူတွေကို တွေးခွင့်မပေးပါဘူး။ နိုင်ငံတော်ရဲ့ ရန်သူတွေဟာ အတွေးကနေ စ တာပါ။
လိင်စိတ်ဟာ မကောင်းဘူးလို့ ဆုံးမပြီး၊ နိုင်ငံတော်အတွက် လူမွေးပေးဖို့သာ အိမ်ထောင်ပြုစေပါတယ်။
ဒီလိုနဲ့ ဝင်စတန် ဟာ ဂျူလီယာ ဆိုတဲ့ ပါတီဝင်ကောင်မလေး တစ်ယောက်ကို ချစ်မိသွားပါတယ်။ အစကတော့ လိင်အာသာဖြေဖို့ပါ။
ချစ်ခြင်းမေတ္တာ ရင်ထဲရောက်လာခြင်းဟာ ပါတီရဲ့ ရန်သူဖြစ်စေပါတယ်။ အချစ်ဆိုတာကိုပါ အစ်ကိုကြီးက ထိန်းချုပ်ဖို့ ဖြစ်လာပါတယ်။
မူရင်းစာရေးသူက ဆိုဗီယက် ကွန်မြူနစ်အာဏာရှင်စနစ်ကို လှောင်ချင်ပုံရပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေရဲ့ တွေးခေါ်ပုံတွေကို
ထိထိမိမိ ပြသနိုင်တဲ့ စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။
လူသားအားလုံး လွတ်လပ်စွာ နေထိုင်နိုင်ကြပါစေလို့ မေတ္တာပို့မိပါတယ်။

image