သည်းခံခြင်းသည် အရာရာ အောင်နိုင်ပါသလား..
အောင်တယ်ဆိုတာဟာ ကိုယ့်ကိုယ်ကို အောင်တာဆိုရင်တော့ သည်းခံခြင်းက အောင်တယ်။ လူတွေအနေနဲ့ တွက်မယ်ဆိုရင် ခန္တီဝါဒီရသေ့ဟာ သည်းခံတယ်။ သည်းခံတဲ့အတွက်ကြောင့် ကလာဗုမင်းက ခြေဖြတ်၊ လက်ဖြတ်၊ နောက်ဆုံး အသေသတ်သည်ထိအောင် နှိပ်စက်ခံရတော့ လူတွေရဲ့ အမြင်မှာ ခန္တီဝါဒီရသေ့ ရှုံးသွားတယ်လို့ ထင်တယ်။
တကယ် ရှုံးတာကတော့ ကလာဗုမင်းပဲ။
ဘာကြောင့် ရှုံးသွားတုန်းဆိုရင် သူဟာ ရသေ့သတ်ပြီး ငရဲ ရောက် သွားတာ။ ရသေ့ကတော့ သည်းခံမှုစွမ်းအားနဲ့ ဒီထက် မြင့်မြတ်တဲ့ ဘဝကို ရောက်သွားတယ်။ အဲဒီလိုဆိုရင်တော့ သည်းခံခြင်းဟာ အောင်တယ်လို့ ပြောရမယ်။ သည်းခံခြင်းဖြင့် တဖက်သားကို အနိုင်ယူလိုက်ခြင်းပဲ ဖြစ်တယ်။
အနိုင်ယူတယ်ဆိုတာ ဘယ်သူ့ကို နိုင်တာလဲဆိုရင် ကိုယ့်ဒေါသကို ကိုယ်နိုင်တာကို ပြောတာ။ သည်းခံတာဟာ ဘာကိုနိုင်တာတုန်းဆို လူတွေက သူများနိုင်မှ အနိုင်လို့ ထင်တာ။ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို နိုင်မှ နိုင်တယ်လို့ ခေါ်တယ်။ ကိုယ့်ကိုယ်ကိုကျတော့ လောကလူတွေဟာ အမြဲတမ်း အရှုံးပေး
နေရတယ်၊ ကိုယ့်စိတ်ကိုယ် မနိုင်ကြဘူး။
အဲဒီတော့ သည်းခံတယ်ဆိုတဲ့လူတစ်ယောက်သည် ကိုယ့်ဒေါသကို ကိုယ်နိုင်တာဖြစ်သည့်အတွက်ကြောင့် “အနိုင်ရတယ်”လို့ပဲ ဒီရှုထောင့်ကနေ ပြောရမယ်။ သို့သော် သူဟာ ဒုက္ခရောက်ချင် ရောက်မယ်။ တစ်ဖက်သား အနိုင်ကျင့်တာ ခံချင်ခံရမယ်။ အဲဒါ ရှုံးတာမဟုတ်ဘူး။ ရှုံးတယ်လို့ မခေါ်ဘူး။ ဘာဖြစ်လို့တုန်းဆို သူဒုက္ခရောက်ရင် တစ်ခဏပဲ။ သူဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီးတော့ မြင့်မြတ်တဲ့ ဘဝတွေကို သူရောက်မှာ။
ဒါကြောင့်မို့ သည်းခံခြင်းသည် အရာရာ အောင်နိုင်ပါသလားဆိုရင်
အောင်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

image