တရုတ်ရေတပ်ရဲ့ ပစိဖိတ်ဒေသ စစ်ရေးလှုပ်ရှားမှု ဂျပန်စစ်တပ် လူသိရှင်ကြား ထုတ်ပြန်လာ
တိုကျို၊ ဇွန်-၁၉-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်နိုင်ငံအနီး ပစိဖိတ်ဒေသမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို ဂျပန်က ကန့်ကွက်ပြီးတွေပြုလုပ်ပြီးနောက်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ဂျပန်စစ်တပ်က လူသိရှင်ကြား ထုတ်ပြန်လိုက်ပါတယ်။
ပုံမှန်အားဖြင့် ဂျပန်စစ်တပ်ဟာ တခြားပြည်ပစစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန်လေ့မရှိဘဲ ဒါဟာ ရှားရှားပါးပါး ထုတ်ပြန်မှုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တရုတ်လေယာဉ်တင်သင်္ဘော နှစ်စင်းဖြစ်တဲ့ ရှန်ဒေါင်းနဲ့ လျောင်နင်းတို့ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွေကို တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်တိုက်လေယာဉ်တွေဟာ လေယာဉ်တင်သင်္ဘောတွေနဲ့အတူ ပျံတက်၊ ဆင်းသက်တာတွေကို အကြိမ် ၅၀၀ ကျော်ထိ ပြုလု်ပခဲ့ပြီး ဒါဟာ ဒေသတွင်းမှာ အန္တရာယ်များတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ သူ့ရဲ့လု်ပဆောင်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။ လေယာဉ်တင်သင်္ဘောတွေဟာ ဂျပန်ကျွန်းစုများအနီးရောက်ရှိလာပြီး တခါတရံ သီးသန့်စီးပွားရေးဇုန် ရေပြင်ကို ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း မေ ၂၅ ရက်နေ့နောက်ပိုင်း တရုတ်စစ်တပ်၏ လှုပ်ရှားမှုတွေကို ထုတ်ပြန်ရာမှာ ဂျပန်စစ်တပ်က ဆိုပါတယ်။
တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းဟာ ဂျပန်နဲ့ ဂူအမ်ကျွန်းကို ဆက်သွယ်ထားတဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့ ဒုတိယကျွန်းစုအနီးကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၇ ရက်မှာ လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းကနေ တိုက်လေယာဉ်တစင်း ပျံသန်းခဲ့ပြီးနောက် ဂျပန်ကလည်း တိုက်လေယာဉ်စေလွှတ်ခဲ့ရပြီး တရုတ်တိုက်လေယာဉ်ဟာ အန္တရာယ်မကင်းတဲ့ ပုံစံမျိုးနဲ့ ဂျပန်လေယာဉ်ရှေ့ကနေ မောင်းနှင်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးမတော်တဆမှုဖြစ်စေနိုင်ပြီး ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို အကြောင်းကြားခဲ့တယ်လို့ ဂျပန်အစိုးရအတွင်းရေးမှူး ယိုရှီမာဆာဟာရာရှီက ပြောပါတယ်။

image