#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်၌ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမီးလောင်၊ အနည်းဆုံး ကိုးဦးသေဆုံး
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းထုတ်လုပ်ရေးစက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူပေါင်းကိုးဦးသေဆုံး၍ ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရမီဒီယာများက ဇွန် ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မီးရှူးမီးပန်းထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှုသည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ချန်ဒီမြို့အနီးတောင်ကုန်းဒေသတစ်ခုပေါ်၌ တည်ရှိသည့် အဆိုပါ မီးရှူးမီးပန်းထုတ်လုပ်ရေးစက်ရုံကို ဟူနန်ရှန်ကျိုး မီးရှူးမီးပန်း ထုတ်လုပ်ရေးကုမ္ပဏီက ပိုင်ဆိုင်ကြောင်းသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယင်းစက်ရုံ ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဟူနန်ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များက နှစ်နာရီကျော် အချိန်ယူ၍ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးရှူးမီးပန်း ထုတ်လုပ်ရေးစက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းတရားကို တရုတ်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ဖောက်ဖျက်မှုကြောင့် တရုတ်နိုင်ငံ၌ စက်မှု လုပ်ငန်းမတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့်လကလည်း ရှန်တုန်းပြည်နယ်၌ ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးခဲ့ရသည်။
တီယန်ကျန်းဆိပ်ကမ်း ဓာတုပစ္စည်း ကုန်လှောင်ရုံများ၌ ၂ဝ၁၅ ခုနှစ်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၁၇ဝ ကျော်အထိ သေဆုံးခဲ့ရဖူးသည်။
ရိုက်တာ
