နိုင်ငံခြားကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာမှာ အမေရိကန်ဆန့်ကျင်ရေးအကြောင်းအရာဖော်ပြမှုရှိမရှိ US စစ်ဆေးမယ်

(နိုင်ငံတကာ) ဇွန် ၁၉
အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံခြားသားတွေဟာ ဇွန် ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားရေးဌာနလမ်းညွှန်ချက်အသစ်အရ အမေရိကန်ဆန့်ကျင်ရေး အကြောင်းအရာတွေကို စစ်ဆေးခွင့်ပြုဖို့အတွက် သူ့တို့ရဲ့ လူမှုမီဒီယာ ပရိုဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ လိုအပ်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

ဆိုရှယ်မီဒီယာ လမ်းညွှန်ချက်အသစ်အရ နိုင်ငံခြားကျောင်းသားတွေကို ဗီဇာထုတ်ပေးတဲ့လုပ်ငန်းတွေကို ပြီးခဲ့တဲ့မေလကုန်က ယာယီရပ်ဆိုင်းခဲ့ပြီး အဆိုပါလုပ်ငန်းတွေကို ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ လည်းပြောပါတယ်။

အမေရိကန်ကိုလာရောက်ဖို့ကြိုးပမ်းသူတိုင်းဟာ အဆင့်မြှင့်ထားတဲ့ ဆိုရှယ်မီဒီယာစစ်ဆေးမှုကို သေခြာပေါက် ခံယူရမယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။

အမေရိကန်ကောင်စစ်ဝန်အရာရှိတွေဟာ ကျောင်းသားဗီဇာလျှောက်ထားသူအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး စိစစ်ရာမှာ လွယ်ကူချောမွေ့စေဖို့ လျှောက်ထားသူတွေရဲ့ ဆိုရှယ်မီဒီယာပရိုဖိုင်အားလုံးမှာရှိတဲ့ လျှို့ဝှက်ဆက်တင်တွေကိုပါ ပြသရမှာဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က သူတာဝန်ယူတဲ့ပထမနေ့ကထုတ်ပြန်တဲ့ အမှုဆောင်အမိန့်တစ်ရပ်မှာ “သူ့ရဲ့နိုင်ငံသားတွေ၊ ယဉ်ကျေးမှု၊ အစိုးရ၊ အဖွဲ့အစည်းတွေ ဒါမှမဟုတ် တည်ထောင်ခြင်းဆိုင်ရာမူတွေအပေါ် နှောက်ယှက်ဖျက်ဆီးမှုမရှိစေဖို့အတွက် အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်သူတွေကို တိုးမြှင့်စစ်ဆေးဖို့ တောင်းဆိုခဲ့တာလည်း ရှိခဲ့ပါတယ်။

အမေရိကန်ဟာ ကျောင်းသားဗီဇာထောင်ပေါင်းများစွာကို ဖျက်သိမ်းကာ နိုင်ငံတကာကကျောင်းသားတွေကို ဟားဗတ်တက္ကသိုလ်မှာလက်ခံတာကို တာမြစ်ဖို့ ကြိုးပမ်းခဲ့တဲ့ Trump ရဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကို ပြစ်တင်ဝေဖန်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားအများစုရဲ့ ဗီဇာတွေကို ရုပ်သိမ်းခဲ့ပြီး၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်တယ်လို့ယူဆသူတွေကို ဖယ်ရှားဖို့ရန် ခွင့်ပြုထားတဲ့ ဥပဒေတစ်ရပ်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အမိမြေလုံခြုံရေးဌာနက ဗီဇာလျှောက်ထားမယ့်နိုင်ငံခြားကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာမှာ ဗီဇာငြင်းပယ်ခြင်းခံရနိုင်တဲ့ “အဆိပ်သင့်စေတဲ့ လှုပ်ရှားမှု” ရှိ/မရှိကို စစ်ဆေးမယ်လို့ ဧပြီလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရဟာ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ဖို့ ဒါမှမဟုတ် အစိမ်းရောင်ကတ်ရရှိဖို့ ကြိုးပမ်းနေသူတွေရဲ့ ဆိုရှယ်မီဒီယာကို အချိန်ဆယ်စုနှစ်တစ်ခုကြာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

image