အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ် ဒေါ်နယ်ထရန့်အတည်ပြု
ဝါရှင်တန်၊ ဇွန်-၁၉-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အီရန်ကိုတိုက်ခိုက်ဖို့ အစီအစဉ်တွေကို အတည်ပြုထားပေမယ့် တိုက်ခိုက်ဖို့ကိုတော့ နောက်ဆုံး ဆုံးဖြတ်ချက်မချရသေးဘူးလို့ စီဘီအက်စ် သတင်းဌာနက ဖော်ပြထားပါတယ်။
အီရန်အနေနဲ့ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ သဘောတူမယ်ဆိုရင် တိုက်ခိုက်မှုတွေ စတင်ဖို့ကို ဆိုင်းငံ့ထားမယ်လို့ ထောက်လှမ်းရေးအရာရှိတယောက်ဆိုပါတယ်။ အီရန်မြေအောက် နျူကလီးယားစက်ရုံဖြစ်တဲ့ ဖော်ဒိုကို အမေရိကန်က တိုက်ခိုက်ဖို့ ထရန့်က စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်စစ်တပ်အနေနဲ့ သမ္မတထရန့်ပေးတဲ့ ဘယ်လိုအမိန့်ကိုမဆို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဟတ်ဆက်ချ်က အထက်လွှတ်တော်ကော်မတီမှာ ပြောပါတယ်။
ယူအက်စ်အက်စ် နီမစ်ဇ် လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးအဖွဲ့ဟာ ပင်လယ်ကွေ့ရှိ ယူအက်စ်အက်စ် ကားလ်ဗင်ဆန်ဦးဆောင်တဲ့ အခြားတိုက်ခိုက်ရေးအုပ်စုနဲ့အတူ အရှေ့အလယ်ပိုင်းကို စစ်အင်အား ဖြည့်တင်းနေပါတယ်။
အက်ဖ်-၂၂ နဲ့ အက်-၃၅ တိုက်လေယာဉ်တွေဟာလည်း လောစာဖြည့်လေယာဉ်တွေနဲ့အတူ ဥရောပကနေ အရှေ့အလယ်ပိုင်းကို ပျံသန်းနေတယ်လို့ လေယာဉ်ခြေရာခံ ဝက်ဘ်ဆိုက်တွေကလည်း ဖော်ပြထားပါတယ်။
အမေရိကန်အနေနဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီးလို့ ဒေါ်နယ်ထရန့်က ပြောဆိုထားပြီး အီရန်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချရမယ်လို့ ဆိုပါတယ်။
အစ္စရေးကတော့ အီရန်နျူကလီးယားစက်ရုံတွေနဲ့ ပဲ့ထိန်းဒုံးကျည်နေရာတွေကို ချေမှုန်းဖို့ ခြေတလှမ်းတိုးလာနေပြီးလို့ ဆိုပါတယ်။ တီဟီရန်ရဲ့ ကောင်းကင်ကို စိုးမိုးထားပြီး နျူကလီးယားနေရာတွေ၊ ဒုံးကျည်တွေ၊ စစ်ဌာနချုပ်တွေနဲ့ အာဏာရှင်ရဲ့ သင်္ကေတမှန်သမျှကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ စစ်ရေးစွက်ဖက်မှုမှန်သမျှ တန်ဖိုးကြီးပေးဆပ်ရမှာဖြစ်ပြီး အီရန်အနေနဲ့ ဘယ်တော့မှ လက်နက်မချဘူးလို့ ခါမေနီက ပြောပါတယ်။ ထရန့်ကတော့ ကံကောင်းပါစေလို့ ဆိုထားပေမယ့် သူ့ရဲ့အစီအစဉ်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ဒါပေမယ့် အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီကတော့ ပယ်ချထားပြီး ဖိအားပေးမှုအောက်မှာ ဆွေးနွေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
