Snyderverse ပရိသတ်တချို့ James Gunn ရဲ့ Superman ရုပ်ရှင်ကို တိုက်ခိုက်ဖို့ ကြံစည်နေ
ဇွန်လ ၁၈ရက်၊ ၂၀၂၅။
Zack Snyder ရဲ့ DC ရုပ်ရှင်တွေ ("Snyderverse" ကို အားပေးတဲ့ ပရိသတ်အဖွဲ့တစ်စုဟာ James Gunn ဦးဆောင်ရိုက်ကူးမယ့် Superman ရုပ်ရှင်သစ်ကို တမင်သက်သက် နှောင့်ယှက်ဖျက်ဆီးဖို့ ကြံစည်နေကြောင်း Reddit ကနေတစ်ဆင့် သတင်းထွက်ပေါ်လာခဲ့ပါတယ်။
r/SnyderCut ဆိုတဲ့ Reddit ဖိုရမ်မှာ u/Tricky-Food5757 ဆိုတဲ့ အသုံးပြုသူတစ်ဦးက ဇူလိုင်လ ၁၁ ရက်နေ့ (Superman ရုပ်ရှင်သစ် ရုံတင်မယ့်နေ့) မှာ "Snyderverse အတွက် တိုက်ပွဲဝင်ကြဖို့" လှုံ့ဆော်ထားတဲ့ ပို့စ်တစ်ခု တင်ခဲ့တာ တွေ့ရပါတယ်။ ဒီပို့စ်မှာ James Gunn ရဲ့ Superman ကို "imposter Superman" (စူပါမင်းအတု) လို့ သုံးနှုန်းထားပြီး၊ ရုပ်ရှင်ကို မအောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
သူတို့ရဲ့ အစီအစဉ်တွေထဲမှာတော့:
၁။ ရုပ်ရှင်ရဲ့ spoiler တွေကို နေရာတိုင်းမှာ တင်ဖို့ (ဒါမှ လူတွေရုပ်ရှငခကိုမကြည့်ချင်တော့အောင်/ဇာတ်လမ်းကြိုသိနေအောင်)။
၂။ Review site တွေမှာ မကောင်းတဲ့ rating တွေ ပေးဖို့ ("Gunn ရဲ့ ပရိတ်သတ်တွေက အကောင်းမြင် reviewတွေ တင်မှာကို သိထားလို့ အမှန်တရားကို လူတွေသိအောင် လက်တွေ့ကျတဲ့ score တွေနဲ့ ချိန်ခွင်လျှာညှိရမယ်" လို့ ဆိုထားပါတယ်)။
၃။ Online ကနေ လက်မှတ်တွေကို reserve လုပ်ထားပြီး ဝယ်ယူမှုကို အဆုံးမသတ်ဘဲထားဖို့ (ဒါမှ အခြားသူတွေ လက်မှတ်ဝယ်လို့မရအောင် အချိန်တစ်ခုအထိ လက်မှတ်တွေ လျော့နည်းသွားစေမယ်လို့ ဆိုပါတယ်) စတဲ့ အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။
"Gunn က ပထမဆုံးပစ်ခတ်ပြီး Snyderverse ကို သတ်ခဲ့တာဖြစ်လို့ အခုက သူ့ကို ပြန်တိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့ အခွင့်အရေးပဲ" လို့လည်း အဆိုပါ ပို့စ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ DC ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားက သဘောထားကွဲလွဲမှုတွေ ဘယ်လောက်အထိ ပြင်းထန်နေလဲဆိုတာကို ပြသနေတယ်လို့ ဆိုနိုင်ပါတယ်။
