ထိုင်းဝန်ကြီးချုပ်နဲ့ ဟွန်ဆန် ဆွေးနွေးမှုအသံဖိုင် ပေါက်ကြားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုတင်းမာလာ
ဘန်ကောက်၊ ဇွန်-၁၉-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ပြောဆိုထားတဲ့ ဆွေးနွေးမှု အသံဖိုင်ပေါက်ကြားလာပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကတည်းက နယ်စပ်အငြင်းပွားမှု ပဋိပက္ခတွေကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေခဲ့တာပါ။ ဇွန် ၁၅ ရက်က စတင်ပေါက်ကကြားလာတဲ့ အသံဖိုင်မှာတော့ ထိုင်းဝန်ကြီးချုပ်ဟာ ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ဝေါ်သုံးစွဲထားပြီး ထင်ရှားတဲ့ ထိုင်းစစ်ဦးစီးချုပ်တယောက် ပြောဆိုတဲ့စကားတွေကို နားမထောင်ဖို့ တိုက်တွန်းထားပြီး ပြည်တွင်းမှာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပေတုန်တန်က ပြောဆိုခဲ့ပါတယ်။.
ထိုင်းအစိုးရအနေနဲ့ လိုချင်တာက ငြိမ်းချမ်းရေးလို့ သူမက ပြောပါတယ်။ ဒါပေမယ့် အခုလို ထိုင်းစစ်တပ်ကို ဝေဖန်သလို ပြောဆိုမှုဟာ စေ့စပ်ညှိနှိုင်းရေးနည်းဗျူဟာရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပေတုန်တန်က နောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပါတယ်။
ဟွန်ဆန်ကတော့ ပွင့်လင်းမြင်သာဖြစ်အောင်အသံဖမ်းထားတာဖြစ်ပြီး ဒီအသံဖိုင်ကို ကမ္ဘောဒီးယားနိုင်ငံရေးသမားနဲ့ တာဝန်ရှိသူ ၈၀ ကျော်ကို ဖြန့်ဝေခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံကို ဆယ်စုနှစ်လေးခုကြာ အုပ်ချုပ်ခဲ့တဲ့ ဟွန်ဆန်ဟာ ၂၀၂၃ ခုနှစ်မှာ သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပေးခဲ့ပေမယ့် နိုင်ငံရေးမှာ ဩဇာကြီးပုဂ္ဂိုလ်အဖြစ်ရှိနေဆဲပါ။
လက်ရှိထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပါတယ်။ အသံဖိုင်ပေါက်ကြားချက်ဟာ ထိုင်း-ကမ္ဘောဒီးယားဆက်ဆံရေးကို ပျက်ယွင်းစေနိုင်ပြီး နယ်စပ်အကျပ်အတည်း ဖြေရှင်းရေးမှာ ထိုင်းစစ်တပ်နဲ့ အစိုးရတို့ သဘောထားကွဲလွဲမှုကို ထင်ကြေးပေးမှုတွေလည်း တိုးပွားလာနေပါတယ်။
သန်းကြွယ်သူဌေး ရှင်နာဝပ်ထရာမိသားစုဟာ နိုင်ငံရေးမှာ ထိုင်းစစ်တပ်နဲ့ပြဿနာတွေရှိဖူးပြီး ရှင်နာဝပ်ထရာမိသားစု အစိုးရနှစ်ဆက်စလုံးကို ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ပေတုန်တန်နဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့တယ်လို့ ထိုင်းအရှေ့ဘက်နယ်စပ်ကို ကွပ်ကဲနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ပက်ကလန်က ပြောပါတယ်။
ကျွန်တော်တို့မှာ ဘာပြဿနာမှမရှိဘူးလို့ သူကဆိုပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား မေ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ နယ်စပ်ပြဿနာကြောင့် ကမ္ဘောဒီးယားစစ်သားတယောက် သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေပါတယ်။
Ref:CNA

image