" ယောက်ျားတစ်ယောက်က
မိန်းမ တစ်ယောက်ကို ချစ်တယ်ဆိုတာ
အဲဒီမိန်းမနဲ့ ပတ်သက်သမျှ အရာရာကို
သူ တစ်ဦးတည်း စိုးမိုး ပိုင်ဆိုင်လိုခြင်းပဲ
ဖြစ်ပါတယ်။ သူ ချစ်တဲ့ မိန်းမ
သူ့တစ်ယောက်တည်းအပေါ်
စွဲလမ်းတမ်းတအောင် သူ ဘယ်လို
ဆွဲဆောင် ကြိုးစားရမလဲဆိုတဲ့ လောဘနဲ့
အတ္တဟာ ယောက်ျားရဲ့အချစ် ဖြစ်ပါတယ်။
ဒါပေမဲ့ မိန်းမတစ်ယောက်က
ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ
မိန်းမရဲ့ ဘဝဟာ ယောက်ျားရဲ့ဘဝထဲကို
အလိုအလျောက် စီးဝင်သွားရတယ်။
ကိုယ်ချစ်တဲ့သူကို
ကိုယ် ဘာတွေပေးနိုင်မလဲဆိုတဲ့
မျှော်လင့်ချက် ဟာ မိန်းမတိုင်းမှာ ရှိနေပါတယ်။
ဒါဟာ မိန်းမရဲ့ ဗီဇစိတ်သာ ဖြစ်တယ်။
စွန့်လွှတ် အနစ်နာခံမှုလည်း မဟုတ်ဘူး။
ဒါဟာ အလိုအလျောက် ဖြစ်ပေါ်တဲ့
အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့
ကိုယ် မပြောလိုပါဘူး။ ဖြစ်ခြင်း ဖြစ်ရင်
ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။
မိန်းမတွေကို မိုက်မဲတဲ့ သတ္တဝါတွေ၊
အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိတဲ့
သတ္တဝါတွေအဖြစ် ဟိုး ရှေးကာလတွေကတည်းက
စကားပုံတွေ၊ ပုံဝတ္ထုတွေနဲ့ ခိုင်းနှိုင်း
ကိုးကား ပြောခဲ့ကြတယ်။ ဒါဟာ
မိန်းမတွေဘက်က နာစရာလို့ ထင်ရပေမဲ့
အထိုက်အလျောက်တော့လည်း
မှန်ကန်နေပြန်ပါတယ်။
ယောက်ျားတွေရဲ့ အချစ်ဟာ
ဘဝမှာ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။
မိန်းမတွေရဲ့ အချစ်ကတော့
သူမရဲ့ ဘဝတစ်ခုလုံး ဖြစ်တယ်။
ဘဝတစ်ခုလုံးကို ပုံအပ်ရင်းနှီးပြီး
ချစ်လိုက်ရတဲ့ မိန်းမတစ်ယောက်မှာ
ဦးနှောက်ရဲ့
စဉ်းစားဆုံးဖြတ်မှုအပိုင်းက ဘယ်မှာလဲ၊
ဘယ်နေရာမှာများ ရှိနေနိုင်ဦး မှာလဲကွယ် "
▪️ဂျူး▪️
⭕️ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်
