1 ပတ် - ဘာသာပြန်ပါ။

UK တက္ကသိုလ်ကျောင်းသားထောင်ချီ AI သုံး စာခိုးချတာ တွေ့ရှိ
ပညာရေးမှာ AI တလွဲသုံးလာတဲ့ အရေးကလည်း စိုးရိမ်ရမယ့်ကိစ္စပါ။
ယူကေတစ်နိုင်ငံတည်းမှာကို တက္ကသိုလ်ကျောင်းသားထောင်နဲ့ချီ AI နဲ့ စာခိုးချတာတွေ မိထားပါတယ်။ ယူကေဆိုတာ ကမ္ဘာပေါ်က အကောင်းဆုံးပညာရေးတွေ ရှိတဲ့နိုင်ငံတစ်ခုပါ။ ဒီလို နိုင်ငံမှာတောင် ခိုးကူးပညာရေးတွေ ပြန့်ပွားတာက အန္တရာယ်တစ်ခုလို့ ပြောနိုင်မှာပါ။
ပညာရပ်ဆိုင်ရာ ရိုးဖြောင့်မှုဘယ်လောက်ရှိလဲ ဆန်းစစ်တဲ့ အစီရင်ခံစာတစ်ခုထဲမှာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်ထဲမှာ AI tool သုံးပြီး စာခိုးချမှုပေါင်း ၇၀၀၀ နီးပါး တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းက ကျောင်းသား ၁၀၀၀ မှာ ၅.၁ ယောက်နှုန်း AI သုံး စာခိုးတယ်လို့ ကောက်ချက်ထွက်ပါတယ်။
ဒီအရင် ပညာသင်နှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ နဲ့ ယှဉ်ကြည့်ရအောင်။ အဲ့ဒီတုန်းကမှ လူ ၁၀၀၀ မှာ ၁ .၆ ယောက်နှုန်းပဲ AI နဲ့ စာခိုးချတာပါ။ AI သုံးပြီး စာခိုးချတဲ့နှုန်းက အဆနဲ့ချီ တဟုန်းထိုး တက်လာတာလို့ ဆိုရမှာပါ။ မေလအထိ ကိန်းဂဏန်းအရဆို ဒီနှစ်ထဲမှာ ၁၀၀၀ မှာ ၇.၅ နှုန်း ရှိမယ်လို့ တွက်ထားပါတယ်။
အခုဟာက စစ်တမ်းရောက်တဲ့နေရာမှာ မြင်ရသလောက်ပဲ ရှိသေးတာပါ။ တကယ့်အဖြစ်မှန်က ဒီထက်ပိုဆိုးပါလိမ့်မယ်။ ကျောင်းက ပေးလိုက်တဲ့ အဆိုင်းမန့်တွေ ၊ အက်ဆေးနဲ့ စာတမ်းတွေကို AI အကူအညီနဲ့ ကူးချလာပြီး AI တဲ့ ရေးမှန်းမသိအောင် ကျော်ခွတဲ့နည်းလည်း ကျောင်းသားတွေက သိလာကြပါတယ်။
တလောက ရက်ဒင်းတက္ကသိုလ်ရဲ့ စမ်းသပ်ချက်မှာဆို AI နဲ့ ရေးထားတဲ့ အက်ဆေးတွေရဲ့ ၉၄% လောက်ကို AI detection ဆော့ဖ်ဝဲလ်က ရှာမတွေခဲ့ဘူးလို့ ဆိုပါတယ်။ AI cheat တွေ အရင်ထက် များလာတယ်ဆိုပေမယ့် ကျောင်းသားတိုင်းတော့ AI ကို အဖြေကူးရုံသုံးတာမျိုး မဟုတ်ပါဘူး။
တချို့လည်း AI tool တွေ သုံးပြီး သင်ခန်းစာကို ပိုထိထိရောက်ရောက်နားလည်အောင် AI နဲ့ အပြန်အလှန်မေးတာ ၊ အချက်အလက်နဲ့ အိုင်ဒီယာသစ်တွေ ရှာတာ ၊ ရှုပ်ထွေးတဲ့အပိုင်းတွေကို တစ်ပိုင်းချင်းဆွဲထုတ်ခိုင်းတာ ၊ ဖတ်စရာတွေကို အနှစ်ချုပ်ပြခိုင်းတာတွေ ရှိပါတယ်။ ဒါမျိုးကတော့ သင်ရိုးအကူလို့တောင် ပြောရမှာပါ။
ပညာရေးကျွမ်းကျင်သူတွေကတော့ ကျောင်းသားတွေကို အကဲဖြတ်တဲ့ပုံစံ ပြန်စဉ်းစားဖို့ ပြောပါတယ်။ ဥပမာ - AI အလွယ်တကူအစားထိုးမရတဲ့ ခွဲခြမ်းဆန်းစစ်တွေးတောမှုတွေ , အဖွဲ့လိုက်လုပ်ဆောင်ချက်တွေလိုမျိုး သင်ကြားရေးအတတ်တွေဘက် အာရုံစိုက်တာမျိုးတွေပါ။
ယူကေအစိုးရကလည်း ပေါင် ၁၈၇ သန်း ကျော် သုံးပြီး skills ပရိုဂရမ်တွေ နဲ့ ပညာရေးပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ဒီထဲမှာ Generative AI ကို ပညာရေးအထောက်အကူပြုဖြစ်လာရေးဆိုတဲ့ ပရိုဂရမ်တွေလည်း ပါလာတော့မှာပါ။

image