အီရန် ခြွင်းချက်မရှိ လက်နက်ချဖို့ ဒေါ်နယ်ထရန့် တိုက်တွန်း
ဝါရှင်တန်၊ ဇွန်-၁၈-၂၀၂၅
မျိုးဆက်(VOM)
ကာလရှည်ကြာ ရန်ဖက်နိုင်ငံတွေဖြစ်တဲ့ အစ္စရေးနဲ့ အီရန်တို့ လေကြောင်းကနေ အပြန်အလှန်တိုက်ခိုက်မှုတွေ ခြောက်ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ရဲ့ စိတ်ရှည်မှုက အတော်လေးနည်းပါးသွားပြီလို့ ထရန့်က သတိပေးပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီကို သုတ်သင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောဆိုထားပေမယ့် ပဋိပက္ခထဲမှာ ထဲထဲဝင်ဝင် ပါတ်သက်နိုင်ခြေအနေအပေါ် ယူဆချက်တွေ တိုးပွားနေချိန်မှာ ထရန့်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။
ခါမေနီ ဘယ်မှာပုန်းနေတယ်ဆိုတာကို အတိအကျသိထားကြောင်း၊ သူ့ကိုလက်ရှိမှာ သုတ်သင်သတ်ဖြတ်မှာမဟုတ်ပေမယ့် စိတ်ရှည်မှုကတော့ နည်းပါးနေပြီလို့ ဒေါ်န်ယထရန့်က ပြောပါတယ်။ အီရန်နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ရာမှာ အစ္စရေးနဲ့ ပူးပေါင်းဖို့ အမေရိကန်အစိုးရ စဉ်းစားနေတယ်လို့ ဆွေးနွေးမှုကိုသိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သမ္မတထရန့်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့ မနေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒါအပြင် အစ္စရေး-အီရန်ပဋိပက္ခအပေါ် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီနဲ့ မိနစ် ၃၀ ကြာဆွေးနွေးခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောနဲ့ တိုက်လေယာဉ်တွေစေလွှတ်မှုအပါအဝင် စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိအချိန်ထိ ပဋိပက္ခထဲမှာ သွယ်ဝိုက်ပါဝင်မှုသာရှိနေသေးပြီး အစ္စရေးဘက်ကို ပစ်ခတ်တဲ့အီရန် ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချခဲ့ပါတယ်။
အီရန်ဟာ ပဲ့ထိန်းဒုံးကျည်တွေကို နေရာရွေ့ပြောင်းနေတယ်လို့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက သတိပေးထားပေမယ့် ဒါဟာ အမေရိကန် သို့မဟုတ် အစ္စရေးကို ပစ်မှတ်ထားမှာလားဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ အီရန်ခေါင်းဆောင် ခါမေနီကတော့ အစ္စရေးနဲ့ဘယ်တော့မှ အပေးအယူလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီကနေ့မနက် အစောပိုင်းနှစ်နာရီအတွင်း အီရန်ဟာ အစ္စရေးဘက်ကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီး တဲလ်အဗစ်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နိုင်ခြေရှိတာကြောင့် တီဟီရန်အနောက်ပိုင်းက ဒေသခံတွေ ဘေးလွတ်ရာရွေ့ဖို့ အစ္စရေးက သတိပေးထားပါတယ်။
မြို့တော်အရှေ့ဘက်ရှိ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွယ်နေတဲ့ တက္ကသိုလ်တခုနဲ့ ပဲ့ထိန်းဒုံးကျည် စခန်းတို့ကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဆိုပါတယ်။
အီရန်ပဲ့ထိန်းဒုံးကျည်တွေဟာ အမေရိကန်၊ အစ္စရေးနဲ့ အခြားအလားအလာရှိတဲ့ ဒေသတွင်း ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အရေးပါတဲ့အဟန့်အတားဖြစ်တယ်လို့ အီရန်က ပြောပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ပဲ့ထိန်းဒုံးကျည်ပိုင်ဆိုင်မှု အများဆုံးလို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးညွန်ကြားရေးမှူးရုံးက ပြောပါတယ်။
Ref:CNA

image