1 w - Translate

တကျော့ပြန် ကိုဗစ်လှိုင်းကြောင့် မကွေးမှာ လူနာတယောက် သေဆုံးမှု ဖြစ်ပွား
ဇွန် ၁၈ ၊၂၀၂၅
GG (VOM)
မကွေးမြိူ့နယ်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အမျိုးသားတယောက် ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးမှုဟာ ၂၀၂၃ ခုနှစ်မေလ ၁၃ ရက်နေ့နောက်ပိုင်းကစပြီး သေဆုံးမှုမရှိတော့ဘဲ ယခု နှစ်နှစ်ကျော်အကြာမှာ တကျော့ပြန်ကိုဗစ်ကူစက်မှုမှာမှ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ စတင်တွေ့ ရှိလာတာဖြစ်တယ်လို့သိရပါတယ်။
ကိုဗစ်နဲ့သေဆုံးသူ အမျိုးသားက တောင်တွင်းကြီးမြို့နယ်ကဖြစ်ပြီး မကွေးမြို့ဆေးရုံကြီးမှာ လာရောက်ဆေးကူသမှုခံယူစဥ် ကိုဗစ်ရောဂါနဲ့ ဇွန်လ ၁၇ ရက်နေ့ညပိုင်းကသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
" ည ၁၁ နာရီလောက်ကဆုံးတယ် သိရပါတယ်။ကိုဗစ်နဲ့ဆေးတာဆေးရုံဘက်ကလည်း အတည်ပြုပါတယ်။ကျွန်တော်တို့ကဆေးရုံက ခေါ်လို့ လူနာလမ်းကြောင်း ကူညီရတာပါ။ဒီနေ့သဂြိုလ်ပြီးပါပြီ။ကျန်တဲ့ လူနာအသေးစိတ်အခြေအနေတော့မသိပါဘူး။ ကျွန်တော်တို့အသင်းက ကိုဗစ်သေဆုံးလူနာလမ်းကြောင်းပါခဲ့သူတွေကို အသင်းရုံးမှာပဲတပတ်လောက် သီးသန့်ခွဲထားမှာပါ။ " လို့ မကွေး မြေပြင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးဇော်ဇော်နိုင်ကပြောပါတယ်။
ကိုဗစ်ရောဂါနဲ့ သေဆုံးသူက အသက် ၃၁ နှစ်အရွယ် ကိုဘိုဘိုဝင်းဆိုသူဖြစ်ပြီး မကွေးမြို့ ချမ်းမြေ့သုဿန်မှာပဲ မီးသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးမှုမှာ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့အထိ ၁၉၄၉၄ ဦးရှိခဲ့ပြီး အဲဒီနောက်ကနေ ဇွန် ၁၆ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမရှိခဲ့ပါဘူး။
ဒါကြောင့် ကိုဘိုဘိုဝင်းက မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ ကြောင့်သေဆုံးခဲ့ရတဲ့ ၁၉၄၉၅ ယောက်မြောက် သူဖြစ်လာပါတယ်။
ကိုဗစ်လူနာသစ်တွေ့ရှိမှုအနေနဲ့ ဧပြီ ၂၇ ရက်ကနေ ဇွန် ၁၅ ရက်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာသစ် ၁၀၈ ယောက်တွေ့ရှိထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်မတ်လ ၂၃ ရက်မှာ ကိုဗစ် ၁၉ ရောဂါစတင်ကူးစက်ခံခဲ့ရတာဖြစ် အဆိုပါကာလကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိဆိုရင် ရောဂါဖြစ်ပွားသူ ၆၄၃၂၈၇ ဦးရှိခဲ့ပါတယ်။
ကိုဗစ်၁၉ ရောဂါကူးစက်မှုနူန်းမှာ တပတ်ထက်တပတ် ပိုပြီးမြင့်တက်လာတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဝန်ကြီးဌာနက အရှိန်မြှင့်လုပ်ဆောင်နေပြီး ဆေးရုံတွေ၊ ကျောင်းတွေ၊ ရပ်ရွာတွေမှာ လိုက်လံထိုးနှံပေးနေပါတယ်။
လက်ရှိ ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေက XBBနှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာတဲ့ ရောဂါပိုးဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှု မရှိကြောင်း၊ လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့သိရပါတယ်။
ဒါကြောင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ချေနှင့် အသက်ဆုံးရှုံးနိုင်ချေမြင့်မားတဲ့ သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊နာတာရှည်အဆုတ်ရောဂါ၊ကင်ဆာ၊ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုဗစ်ရောဂါထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံကြ ဖို့ ဝန်ကြီးဌာနက သတိပေးပြောဆိုထား ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်၁၉ ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ်မသတ်မှတ်တော့ဘဲ ရာသီတုပ်ကွေးကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွား တတ်တဲ့ ရောဂါအဖြစ်သာသတ်မှတ်ထားပါတယ်။
ဓာတ်ပုံ - ေမြပြင်အသင်း

image