1 w - Translate

#ပြည်တွင်းသတင်း
◼အင်းလေးဒေသ၌ငလျင်ဒဏ်သင့်အိမ်များပြန်ဆောက်လုပ်ရန် လက်သမားများအား စျေးပိုပေး၍ခေါ်နေရဟုဆို
အင်းလေးဒေသ၌ ငလျင်ဒဏ်သင့်ခဲ့သည့်အိမ်များ ပြန်လည်ဆောက်လုပ်ရန် လက်သမားများကို စျေးပိုပေးပြီးခေါ်ယူနေရသည့်အတွက် အိမ်ရှင်များအခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။
အင်းလေးဒေသတွင်ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ပြိုကျမှုများ၊တိမ်စောင်မှုများ၊ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံများအိမ်ပြန်လည်တည်ဆောက်ရန်အတွက် လက်သမားဆရာနှင့်နောက်လိုက်များငှားရမ်းရာတွင် ယခင်ကလက်သမားဆရာတစ်ဦးကျပ်တစ်သောင်းခွဲခန့်နှင့် နောက်လိုက်တစ်ဦးကိုကျပ်တစ်သောင်းခန့်သာပေးရသော်လည်း ယခုလက်သမားဆရာတစ်ဦး ကျပ်လေးသောင်းခန့်နှင့် နောက်လိုက်တစ်ဦးကိုကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲခန့်ထိ ပေးရကြောင်းသိရသည်။
"အခုလက်ရှိမှာကအိမ်ဆောက်မယ့်သူတွေကများတယ်။လက်သမားဆရာတွေနောက်လိုက်တွေကရှားတယ်။ အိမ်ဆောက်မယ့်သူတွေကလည်းမိုးကကျနေတော့ အိမ်ဆောက်ချင်ကြပြီ။ ဒီမှာကလည်းလက်သမားဆရာတွေနောက်လိုက်တွေကမရှိဘူး။ ရှိတဲ့သူတွေကလည်းမအားကြဘူးဆိုတော့ ငွေကြေးတက်နိုင်တဲ့သူတွေကတော့ ကိုယ့်အိမ်မြန်မြန်ပြီးချင်တော့ လက်သမားဆရာတွေနဲ့နောက်လိုက်တွေကို စျေးတွေအပြိုင် ပိုပေးကြပြီးခေါ်ယူနေကြတဲ့အတွက် ငွေကြေးမတက်နိုင်တဲ့သူတွေကတော့ သူတို့အိမ်တွေပြီးတဲ့အထိအဆင်ပြေသလိုနေပြီးစောင့်နေရပါတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် အင်းလေးဒေသရှိ ကေလာ၊ ဇရပ်ကြီး၊ ကြာတောစသည့်ကျေးရွာများမှာငလျင်ဒဏ်ကြောင့်ရွာလုံးကျွတ်နီးပါး အိမ်များပြိုကျခဲ့ပြီး ကျန်ကျေးရွာများတွင် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များလည်း ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး

image