လူတိုင်းမှာ အားနည်းချက်တွေ ၊ မပြည့်စုံမှုတွေ ကိုယ်စီရှိတာပဲ ။ လူတိုင်းက အပြစ်သားတွေချည်းပဲ ။ အပြစ်မလုပ်ဘဲ စင်ကြယ်နေတဲ့သူ တစ်ယောက်မှ မရှိဘူး ။ သူများလုပ်တဲ့အပြစ်ကို ပြောနေလို့လည်း ကိုယ် လုပ်ထားတဲ့ အပြစ်က စင်ကြယ်သွားစရာ မရှိဘူး ။
နှိုင်းယှဉ်ပြီး အားငယ် စိတ်ဝင်လာရင်လည်း စိုးရိမ်စိတ်ကို လက်ယပ်ခေါ်သလို ဖြစ်မှာပဲ ။ နှိုင်းယှဉ်ပြီး ဘဝင်မြင့်စိတ် ဝင်လာရင်လည်း မာနက ဝင်လာမှာပဲ ။ ဘာမှ ကောင်းကျိုး မရှိဘူး ။ ဒါကြောင့် သူများနဲ့ နှိုင်းယှဉ်တတ်တဲ့ အမှိုက်ကို ရှင်းထုတ်ရမယ် ။
ကိုယ့်ကိုယ်ကိုယ် ညှာတာသနားတဲ့စိတ်ကို ရှင်းထုတ်ရမယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ကြတဲ့သူတွေချည်းပါပဲ။ ချစ်တာက မမှားပေမဲ့ ချစ်နည်းမှန်ဖို့တော့ အရေးကြီးတယ် ။ တချို့က ချစ်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘာမှ မခိုင်းဘူး။ မခိုင်းတာကြာရင် အသုံးမဝင်တဲ့သူ = ဖြစ်လာလိမ့်မယ် ။ အသုံးမဝင်တဲ့အရာဟာ အမှိုက်ပါပဲ ။ ကိုယ့်ကိုယ်ကိုယ် အမှိုက်နဲ့တူအောင် လုပ်နေခြင်းက ချစ်တာမဟုတ်တော့ဘူး ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တရားလွန် ညှာတာသနားတဲ့ စိတ်ကို ရှင်းထုတ်နိုင်ရမယ် ။
အမှိုက်ကို ရှင်းထုတ်ပြီးရင် စိတ်လေဟာနယ်ကို အလွတ်မထားဘဲ ဖြည့်ရမယ် ။ ပြည့်အောင်ဖြည့်နိုင်ရင် စိတ်လေဟာနယ် ဖြစ်ထွန်းခွင့် အလွန် နည်းသွားပါလိမ့်မယ် ။ လူတစ်ယောက်အတွက် အရေးအကြီးဆုံး နဲ့ အခြေခံ အကျဆုံး ဖြည့်ဆည်းဖို့လိုတာ ဘာတွေဖြစ်မလဲ ။ ကျွန်မရဲ့ အယူအဆ အနေနဲ့ကတော့
၁။ ကျန်းမာရေးနဲ့ ဖြည့်ပါ
၂။ အလုပ်နဲ့ ဖြည့်ပါ
၃။ ပညာနဲ့ ဖြည့်ပါ
၄။ ဘုရားနဲ့ ဖြည့်ပါ
#ငွေတီဦး
