အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး လေယာဉ်ခရီးစဉ် ဒါဇင်များစွာ ဖျက်သိမ်း
ဂျကာတာ၊ ဇွန်-၁၈-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားနိုင်ငံမှာ လီဝိုတိုဘီ လာကီလာကီ မီးတောင်ဟာ ပြီးခဲ့တဲ့နေ့က ကောင်းကင်ယံကို ၁၁ ကီလိုမီတာထိ မီးတောင်ပြာတွေ မှုတ်ထုတ်ပြီးနောက် မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီမီးတောင်ဟာ ဒေသစံတော်ချိန် ၅ နာရီ ၃၆ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ဖလော်ရက်စ်ကျွန်းမှာ မီးတောင်ပြာတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ခဲ့တယ်လို့ အင်ဒိုနီးရှားမီးတောင် အေဂျင်စီက ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်းကို အသွားအပြန်လေယာဉ်ခရီးစဉ် နှစ်ဒါဇင်ထက်မနည်းကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတကာ လေဆိပ်ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ ဂျက်စတား၊ ဗာဂျင်ဩစတြေးလျ၊ အိန္ဒိယလေကြောင်းလိုင်း၊ နယူးဇီလန်လေကြောင်းလိုင်းတို့လည်း ပျံသန်းမှုတွေ ရပ်ဆိုင်းထားပါတယ်။
မီးတောင်နဲ့ ၇ ကီလိုမီတာဝန်းကျင်မှာ သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့နဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ကျေးရွာတရွာမှ ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးတောင်လှုပ်ရှားမှုကို ပြသနေတဲ့ မြေပြင်တုန်ခါမှုတွေ ရှိနေဆဲဖြစ်တာကြောင့် ဘေးကင်းတဲ့နေရာတွေကို ရွေ့ပြောင်းဖို့ ဝန်းကျင်ဒေသခံတွေကိုပါ တိုက်တွန်းထားပါတယ်။ မီးတောင်ဟာ ပြီးခဲ့တဲ့ မေလက နောက်ဆုံး ပေါက်ကွဲခဲ့ပါတယ်။
၁၅၈၄ ကီလိုမီတာတဲ့ အဲဒီမီးတောင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူကိုးယောက်သေဆုံးခဲ့ကာ လူထောင်နဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။ မီးတောင်ပြာတွေကြောင့် လေယာဉ်ပျံသန်းမှုတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
Ref:BBC
