#နိုင်ငံတကာသတင်း
◼ဘာလီပစ်ခတ်မှုတွင် တစ်ဦးသေပြီး လူနှစ်ဦး အား ရဲတပ်ဖွဲ့ ဖမ်းဆီး
ဩစတြေးလျ နိုင်ငံသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော ပစ်ခတ်မှုနှင့်ဆက်စပ်၍ဘာလီရဲတပ်ဖွဲ့က လူနှစ်ဦးအားဖမ်းဆီးလိုက်သည်။
အင်ဒိုနီးရှားခရီးသွားအပန်းဖြေကျွန်းတောင်ပိုင်းတွင် စနေနေ့ည သန်းခေါင်ကျော်ခန့်က လူနှစ်ဦး ၎င်း၏ နေအိမ်ထဲသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် အသက် (၃၂) နှစ်အရွယ် ဇီဗန်ရက်ဗာနိုဗစ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
သံသယရှိသူတစ်ဦးအား အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် ဖမ်းဆီးရမိခဲ့ပြီး အခြားတစ်ဦးအားပြည်ပတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ခင်ပွန်းသည်၏ အော်သံကြောင့် အိပ်ရာမှ နိုးလာခဲ့ပြီးနောက် ရေချိုးခန်းအတွင်း ခင်ပွန်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မစ္စတာ ရက်မာနိုဗစ်၏ ဇနီးက ရဲတပ်ဖွဲ့အား အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း ဩစတြေးလျသတင်းဌာနများက ဖော်ပြကြသည်။
သေနတ်နှင့်ပစ်ခတ်ခံခဲ့ရသော အခြားတစ်ဦးဖြစ်သူ ဆာနာဂါနင်မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ၎င်းအနေဖြင့် ရိုက်နှက်မှုလည်း ကြုံခဲ့ရကြောင်း အသက် (၃၄) နှစ်အရွယ် ဂါနင် က ပြောသည်။
တိုက်ခိုက်သူများအား မြင်တွေ့လိုက်ကြောင်း မစ္စတာဂါနင် ၏ ဇနီးသည်က ပြောကြားပြီးအမျိုးသမီး နှစ်ဦးစလုံး ထိခိုက်မှုမရှိခဲ့ပေ။
ပစ်ခတ်မှုဖြစ်ရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ က ပြောသော်လည်း ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ အကျယ်တဝင့်မပြောခဲ့ပေ။
ရဲတပ်ဖွဲ့က ကျည်ခွံ ၁၇ ခု၊ ကျည်ဆံ နှစ်တောင့် နှင့် ကျည်ဆံ အပိုင်းအစ ၅၅ ခု အား အခင်းဖြစ်ပွားသည့်နေရာမှ သိမ်းယူရရှိခဲ့သည်။
ဩစတြေးလျ မီဒီယာများက ဖော်ပြခဲ့သည့် အခင်းဖြစ်နေအိမ် ဓါတ်ပုံများတွင် ကျည်ဆံဖောက်ထွင်းသွားသည့် ပြတင်းပေါက်များ နှင့် ကြမ်းပြင်ပေါ်မှ သွေးကွက်များကို တွေ့ရသည်။
ပစ်ခတ်သူများက ဩစတြေးလျ လေသံ လေးလေးဖြင့် အင်္ဂလိပ်စကားပြောသံများကို ကြားခဲ့ရကြောင်း မျက်မြင်သက်သေ အများအပြားက ရဲတပ်ဖွဲ့အား ပြောကြားကြသည်။
တစ်ဦးက လိမ္မော်ရောင်ဂျက်ကက် အား ဆိုင်ကယ်စီးဦးထုပ်အမဲရောင် ၊ အခြားတစ်ဦးက အစိမ်းရင့်ရောင်ဂျက်ကက်ကို အမဲရောင်ဆိုင်ကယ်စီးဦးထုပ်၊ နှာခေါင်းစည်းများဖြင့် တွဲဖက်ဝတ်ဆင်ထားကြောင်း မျက်မြင်သက်သေများက ပြောသည်။
အင်ဒိုနီးရှား၏ နာမည်ကျော် အပန်းဖြေကျွန်း ဘာလီသို့ နှစ်စဉ်ခရီးသွား သန်းနှင့် ချီလာ ရောက်လည်ပတ်သော်လည်း ယခုကဲ့သို့ ကြမ်းတမ်းသောပြစ်မှု များ အဖြစ်နည်းကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
