#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားသို့သွားမည့် မြန်မာ ၂၄ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ခိုးဝင်ရန်ကြိုးစားသည့် မြန်မာနိုင်ငံသား ၂၄ ဦးကိုဇွန် ၁၆ ရက် နံနက် ၅ နာရီခွဲက ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာ နိုင်ငံသားများ တင်ဆောင်လာသည့် ကားတစ်စီးဝင်ရောက်လာကြောင်း သတင်းအရကန်ချနဘူရီခရိုင် ထောင်ဖာနှုန်မြို့နယ် ကဒင်ကရဝီယန်ကျေးရွာအနီးတွင် အသင့်စောင့်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင်အမျိုးသား ၂၂ ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး ၎င်းတို့သည်တရားမဝင်နယ်စပ် ဖြတ်ကျော်၍ ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရောက်အလုပ် လုပ်ကိုင်ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူများအား ထောင်ဖာမှုန် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ - Thainews
