ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်
🙏🙏🙏🙏🙏🙏🙏
ဥပုသ်စောင့်တယ် ဆိုတာ....
ကိုယ်ကျင့်တရားတွေနဲ့ နေတာ။
ကိုယ်ကျင့်တရားတွေ ...
ကိုယ်ကျင့်သီလတွေကို ...
" ဥပုသ် " လို့ ခေါ်တယ်။
စောင့်တယ်ဆိုတာ...
အဲဒီ ကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ။
မကျိုးမပေါက် မပျောက်မကြားရအောင်
ထိန်းသိမ်းစောင့်ရှောက်တာ၊
ဒီလို အဓိပ္ပါယ်ရတယ်။
နာမည်အားဖြင့် ....
ဥပုသ်စောင့်တယ်လို့ ဆိုပေမယ့် ...
အနှစ်သာရပိုင်း ကွာခြားသွားလို့ရှိရင်
အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်။
ဒီတော့ နံနက်အချိန်မှာ ရှစ်ပါးသီလကို
ခံယူ ဆောက်တည်လိုက်ကြတယ်။
ဆောက်တည်တယ် ဆိုတာ
ဒီအတိုင်း လိုက်နာမယ်လို့ စိတ်ကို
ဒုန်းဒုန်းချပြီးတော့ သတ်မှတ်တာ။
ဒီကနေ့ ဒီရက်မှာ ဒီအင်္ဂါရှစ်ပါးအတိုင်း
ဒီစည်းကမ်းချက်အတိုင်း
ငါလိုက်နာမယ်လို့ ကိုယ့်ကိုယ်ကို
စည်းကမ်းချပြီးတော့
ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး
ချုပ်တည်းပြီးတော့
စောင့်စည်းတဲ့သဘော ဖြစ်တယ်။
အဓိကအားဖြင့်
ကာယကံ နှင့် ဝစီကံ နှစ်ခုကို
ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘော။
ဘာဖြစ်လို့ ဒီလို လုပ်ရတုန်းဆိုတော့
ကာယကံမှု၊ ဝစီကံမှု ဆိုတာ
သာမန်အားဖြင့် နေလိုက်လို့ရှိရင်
လွယ်လွယ်ကူကူနဲ့ ကျူးလွန်မိတတ်ကြတယ်။
အဲဒီ လွယ်လွယ်ကူကူနဲ့
ကျူးလွန်မိတတ်တာတွေကို
မကျူးလွန်ရအောင်လို့ စည်းကမ်းချပြီးတော့
ထိန်းသိမ်းစောင့်ရှောက်ပြီးတော့
နေတာမျိုး၊ ဒီလိုဆိုလိုတာ။
ဥပုသ်စောင့်သုံးခြင်းရဲ့
ရည်ရွယ်ချက်ကတော့ ....
လောဘတွေ လျော့ကျဖို့၊
ဒေါသတွေ လျော့ကျဖို့၊
မောဟတွေ လျော့ကျဖို့။
ဆိုလိုတာက အကုသိုလ်တွေ
လျော့နည်းသွားပြီးတော့
ကုသိုလ်ဘက်က တိုးပွားအောင်
အကျင့်တရားတစ်ခုကို
ဒီနေ့၊ ဒီရက် အချိန်ကန့်သတ်ပြီးတော့
စောင့်သုံးကြတာ။
အဲဒီလို စောင့်သုံးတဲ့
ဥပုသ်ရဲ့ အကျိုးကလည်းပဲ
အင်မတန်မှ ကြီးမားတယ်။
မှန်မှန်ကန်ကန် စောင့်သုံးလို့ ရှိရင်
ရရှိအပ်တဲ့ အကျိုးက
အင်မတန်မှ ကြီးမားတယ်။
ဒါကြောင့်မို့ မှန်ကန်တဲ့နည်းလမ်းနဲ့
အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့
ပိုအရေးကြီးပါတယ်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

image