10 ပတ် - ဘာသာပြန်ပါ။

လေပတ်ကားကြောင့် ရွှေလောက နာမည်ပျက်နေဟု ရန်ကုန်ရွှေအသင်းပြော
ရန်ကုန်၊ ဇွန် ၁၇
ကြိုရောင်း၊ ကြိုဝယ် (လေပတ်ကား) ကြောင့် ရွှေလောက နာမည်ပျက်နေရတာလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) တာဝန်ရှိသူက ပြောပါတယ်။
“လေပတ်ကားနဲ့ ချိတ်ပြီး ရောင်း/ဝယ်မယ်ဆိုရင် ငွေမချေတာတို့၊ ငွေမပေးတာတို့၊ လုယက်ခံရတို့ ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် တရားဝင်ဆိုင်တွေကပဲ ဦးဆောင်ပြီးတော့ လက်ငင်းအရောင်းအဝယ်နဲ့ သွားကြပါ”လို့ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုပါတယ်။
လက်ရှိမှာ လေပတ်ကားတွေအကြား ရွှေမပေးသူတွေနဲ့ ငွေမပေးသူတွေကို တိုင်ကြားမှုတွေကြောင့် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေတယ်လို့လည်း YGEA ကနေ သိရပါတယ်။
“လက်ရှိလည်း ခေါ်ယူစစ်ဆေးနေတာ ရှိပါတယ်။ စာရင်းရှိတဲ့သူကိုလည်း စောင့်ကြည့်နေတဲ့ အခြေအနေရှိပါတယ်”လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအနေနဲ့ စံချိန်မီရွှေတစ်ကျပ်သားကို ကျပ် ၅၉ သိန်းဈေး သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၈၀ နီးပါးအထိ ဈေးရှိလာပါတယ်။
အခုအချိန်ဟာ ရွှေဈေးတက်မြင့်တက်လေ့ရှိတဲ့ ကာလဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်း၊ အသင်းအဖွဲ့တွေနဲ့ ရွှေဆိုင်အချင်းချင်း ပြန်ရောင်းပေးတဲ့စနစ်နဲ့ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။
“လေပတ်ကားတွေက ဝယ်ပြီးရင် မြတ်မှာဆိုတော့ ဒီနေ့ဝယ်၊ နောက်နေ့ဈေးဖွင့်ရင် ဈေးခုန်တက်။ အဲ့လိုမှ မြတ်မှာဆိုတော့ လေပတ်ကားတွေကြောင့်လည်း ပါတယ်”လို့ ဦးမျိုးမြင့်က ဆိုပါတယ်။
တဖက်မှာလည်း YGEA အနေနဲ့ အွန်လိုင်းပလက်ဖောင်းကတစ်ဆင့် ဝယ်/ရောင်းလုပ်သူတွေကို ငွေစုစာအုပ်နဲ့ ရွှေရောင်းချခြင်း၊ အွန်လိုင်းကနေ တာလီစနစ်နဲ့ ရွှေရောင်းခြင်းနဲ့ ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းတွေ မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

image