#နိုင်ငံတကာသတင်း
◼အီရန်ကမတည်ငြိမ်မှုအရင်းအမြစ်ဟု ဂျီ-၇ အဖွဲ့ပြော
ယမန်နေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တစ်ရပ်တွင် အစ္စရေးနိုင်ငံအား ထောက်ခံကြောင်း ဂျီ-၇ အဖွဲ့နိုင်ငံများက ပြောကြားကြပြီး အီရန်နိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသမှ မတည်မငြိမ်မှုများ၏ အရင်းအမြစ် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားကြသည်။
တစ်ဖက်တွင် ယင်းဒေသမှ တိုက်ခိုက်မှုများအား အရှိန်လျော့ကျလာစေရေး အ တွက်လည်း ကနေဒါနိုင်ငံတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည့် ဂျီ-၇ ‌ခေါင်းဆောင်များက တိုက်တွန်းကြသည်။
သောကြာနေ့က အီရန်အပေါ် အစ္စ‌ရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စတင်ခဲ့သော အီရန်နှင့်အစ္စရေးကြားက လေကြောင်းစစ်ပွဲသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဂါဇာအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့်လှုပ်လှုပ်ရွရွ ဖြစ်နှင့်ပြီးသော ဒေသတွင် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
“ အစ္စရေးမှာ သူ့ကိုယ်သူ ကာကွယ်ပိုင်ခွင့်ရှိတာ ကို ကျွန်တော်တို့ အတည်ပြုပါတယ်။ အစ္စရေးလုံခြုံ‌ရေးအတွက် ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို ထပ်မံအလေးထားဖော်ပြပါတယ်။ ” ဟု ဂျီ-၇ ခေါင်းဆောင်များက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
‘အီရန်က ဒေသတွင်း မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်’ ဖြစ်ကြောင်း ထုတ်ပြန်ချက် က ပြောကြားပြီး မည်သည့်အခါမျှ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်ကြောင်းကို ဂျီ-၇ အဖွဲ့က ရှင်းလင်းစွာ ရပ်တည်ကြောင်း ဆက်လက်ပြောကြားသည်။
နျူကလီးယားလက်နက်များ တည်ဆောက်ခြင်းမှတားဆီးရန်ဟု ဆိုကာ အစ္စရေးက လက်ဦးမှုယူ၍ အီရန်အား ‌သောကြာနေ့တွင်စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား လေကြောင်းမှ အကြီးအကျယ်ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
နျူကလီးယားလက်နက်များ ရရှိရန် ကြိုးစားနေသည်ဆိုခြင်းကို အီရန် က ငြင်းဆိုပြီး နျူကလီးယားမပြန့်ပွားရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသူ တစ်ဦးအဖြစ် ၎င်းတို့တွင်လည်း ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ပိုင်ခွင့်ရှိကြောင်း အီရန် က ပြောကြားသည်။
နျူကလီးယားမပြန့်ပွားရေးစာချုပ်တွင် လက်မှတ်ရေးထိုးမထားသော အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် နျူကလီးယားပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်ဟု ကျယ်ပြန့်စွာ ယူဆထားကြပြီး ယင်းကို အစ္စရေးက အတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်းလည်း မရှိပေ။
သတင်း-ရဲမင်း
ကိုးကား-Reuters

image