ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ထိ တွေ့ရှိလာလို့ သတိပြုဖို့လို
ဇွန် ၁၇ - ၂ဝ၂၅
KKO(VOM)
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာသစ် ၅၂ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးဆိုင်ရာကူညီစောင့် ရှောက်မှုတွေကိုပြုလုပ်ပေးနိုင်ဖို့ အသင့်ပြင်ဆင်ထားရှိတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်မှုအရ တကျော့ပြန် ကိုဗစ် ၁၉ စတင်ချိန်ကစလို့ ယခုနှစ် မေလ ၅ ရက်မှာ ပိုးတွေ့သူ ၁ ယောက်၊ မေလ ၂၀ ရက်မှာပိုးတွေ့သူ ၁ ယောက်၊ မေလ ၂၇ မှာ ပိုးတွေ့သူ ၆ ယောက်နဲ့ ဇွန်လ ၃ ရက်မှာ ပိုးတွေ့သူ ၁၇ ယောက်၊ ဇွန်လ ၉ ရက်နေ့မှာ ပိုးတွေ့သူ ၃၁ ယောက် အပါအဝင် ဇွန်လ ၁၆ ရက်နေ့မှာ ပိုးတွေ့သူ ၅၂ ယောက် အထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် တကျော့ပြန်ကိုဗစ်ကာလအတွင်းယနေ့အထိပိုးတွေ့သူ စုစုပေါင်း ၁ဝ၈ ယောက်အထိရှိလာခဲ့ပြီး ယနေ့အထိသေဆုံးသူတော့မရှိသေးဘူးလို့ သိရပါတယ်။
"လက်ရှိမှာတော့ ကိုဗစ်တွေကဖြစ်နေတယ်။အိမ်နီးနားချင်းနိုင်ငံတွေမှာလည်းဖြစ်ပွားနေတယ်။ဒါပေမယ့် မြန်မာမှာ စိုးရိမ်စရာအနေအ ထားတော့မရှိသေးပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ဒါပေမယ့် တကျော့ပြန် ကိုဗစ် ၁၉ က စိုးရိမ်ဖွယ်ရာအခြေ အနေမရှိပေမယ့်၊ ရောဂါဖြစ်ပွားမှုကနေကြိုတင်ကာကွယ်နိုင်ဖို့ တကိုယ်ရည်ကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုတယ်။ကိုဗစ်နဲ့ပတ်သက်လို့ ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေဖြစ်၊မဖြစ်ဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှပဲဒါကအတည်ဖြစ်ပါ မယ်"လို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ နေပြည်တော် အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ရှမ်းပြည်နယ််တို့မှာ ကိုဗစ်-၁၉ လူနာသစ်တွေကိုထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာတော့ ကိုဗစ်ကြောင့်သေဆုံးသူ ၁၀၀ ကျော်အထိရှိလာနေပြီး နေ့စဉ်ကူးစက်နှုန်းကလည်းမြင့်မားနေကာ လက်ရှိအချိန်အထိ လူဦးရေ ၄ သိန်းကျော်အထိ ကူးစက်ခံထားရတယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန(DDC)ကဖော်ပြထားမှုကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ရေးသားဖော်ပြနေကြပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ အသက်အရွယ်ကြီးရင့်သူတွေ အသက်(၆၀)နှစ်နဲ့ အထက် ဆီးချိုရော ဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရော ဂါရှိသူတွေ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အထူးဂရုစိုက်ကြဖို့နဲ့ ရောဂါထပ်ဆောင်းကာကွယ်ဆေးကိုလည်း ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
"လက်ရှိကိုဗစ်ကစိုးရိမ်စရာအနေအထားမရှိသေးပါဘူး။ဒီဘက်တွေမှာလည်းပြန်ဖြစ်ကြတာတွေရှိပါတယ်။နောက်ဖျားနာလူနာတွေများလာတာရယ် နှာစေး၊ချောင်းဆိုးလူနာတွေတော့ အခုတလောဆေးခန်းလာပြကြတာတော့အများဆုံးဖြစ်ပါတယ်"လို့ ပြည်ပရောက် မြန်မာနိုင်ငံသားဆရာဝန်တယောက်က VOM ကိုပြောပါတယ်။
ဒါအပြင် ရန်ကုန်အခြေစိုက်လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ တကျော့ပြန်ကိုဗစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေရှိထားပြီး ကျန်းမာ ရေးဆိုင်ရာကူညီစောင့်ရှောက်မှုတွေကိုပေးဖို့အတွက်အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
"ကိုဗစ်အတွက်ကတော့ အားလုံးအဆင်သင့်ရှိနေကြပါတယ်။လူအင်အား၊ယာဉ်အင်အားအကုန်လုံးအသင့်အနေအထားရှိပါတယ်။PPE ၊နှာခေါင်းစည်း Mask ကအစ အကုန် Ready အဆင်သင့်ရှိပါတယ်။နောက်တခါအောက်ဆီဂျင်အိုးတွေကအစ အသင့်ပြင်ထားတယ်။လူအင်အားလည်းအသင့်ရှိနေတယ်။အရင်လိုကိုဗစ်စင်တာတွေဖွင့်ဖို့က ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားလာရင်တော့ ဒါတွေကိုလည်းဆောင်ရွက်သွားနိုင်ဖို့ အသင့်စုဖွဲ့ထားပါတယ်"လို့ ရန်ကုန်အခြေအစိုက် လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။
ကျန်းမာရေးဆိုင်ရာအဖွဲ့တွေရဲ့လေ့လာမှုတွေအရ ယခုဖြစ်ပွားနေတဲ့ ကိုဗစ်ပိုးဟာပုံမှန်အားဖြင့်အသက်အန္တရာယ်ဖြစ်ဖို့တော့ရာခိုင်နှုန်းနည်းပါးတယ်လို့ သိရပြီး များသောအားဖြင့်အပြင်းအထန်ဖျားနာမှု့ကိုရက်ရှည်ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ရန်ကုန်မြို့က ဖျားနာသံသယရှိ လူနာများအနေနဲ့ ပုဂ္ဂလိက ဆေးရုံများသို့ မသွားကြပဲ မြို့နယ်အသီးသီးရှိ Fever Clinic များကိုသာ သွားရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ Fever Clinic တွေကိုတာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ဗိုလ်တထောင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့ နယ်၊ အရှေ့ဒဂုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ တောင်ဒဂုံ မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မှော်ဘီ မြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရန်ကင်း မြို့နယ်၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ ခရမ်းမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့မှာ ဖွင့်လှစ်ပေးထားတယ်လို့ သိရှိရပါတယ်။
