ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ဆက်လက်မြင့်တက်လာ
- မွန်ပြည်နယ်တွင် အများဆုံး တွေ့ရှိ
ရန်ကုန်၊ ဇွန် ၁၇
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း ဆက်လက်မြင့်တက်လာတာကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁၇ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဓာတ်ခွဲနမူနာ (၂,၂၈၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၂) ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ရောဂါပိုးတွေ့ရှိမှုနှုန်းက မေလ ပထမပတ်မှာ (၀.၀၄) ရာခိုင်နှုန်းရှိရာကနေ ဇွန်လ ဒုတိယပတ်မှာ (၂.၂၈) ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၄ ဦးအထိ အများဆုံး တွေ့ရှိခဲ့ပြီး ဘီးလင်းမြို့မှာ ၂၃ ဦးနဲ့ ကျိုက်ထိုမြို့မှာ ၁ ဦး တွေ့ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ၁၇ ဦး၊ မကွေးတိုင်းက ဂန့်ဂေါမြို့မှာ ၇ ဦး၊ မန္တလေးတိုင်းက ပြည်ကြီးတံခွန်နဲ့ တံတားဦးမြို့နယ်တို့မှာ ၁ ဦးစီ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ၁ ဦးနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ၁ ဦး တွေ့ရှိခဲ့ပါတယ်။
အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်တလောမှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနဲ့ စပ်လျဉ်းပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိပေမယ့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ဖို့ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
ရောဂါကူးစက်ခံရပါ ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေ မြင့်မားတဲ့ အသက် ၆၀ နဲ့အထက် အသက်အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်လို့ ကာကွယ်ဆေးထိုးနှံမှု ခံယူကြဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။



