10 w - Translate

ဒုတိယအကြိမ်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့မှာ ကျောင်းသား ၆၂၈၂၄ ဝင်ရောက်ဖြေဆို၊ပျက်ကွက် ၈၀၀ ကျော်ရှိ
ဇွန် - ၁၆ ၊ ၂၀၂၅
GG (VOM)
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေမီးလောင်သွားခဲ့လို့ ဒုတိယအကြိမ် ပြန်လည်ကျင်းပတဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ဒီကနေ့ ဇွန် ၁၆ ရက် မြန်မာစာနေ့မှာ ကျောင်းသား ကျောင်းသူ ၆၂၈၂၄ ယောက် ဝင်ရောက်ဖြေဆိုမှုရှိခဲ့တယ်လို့ နစကထုတ်ပြန်မှုအရ သိရပါတယ်။
စာမေးပွဲပြန်လည်ဖြေဆိုရမယ့် ကျောင်းသားကျောင်းသူ ၆၃၆၇၃ ယောက်စာရင်းရှိတဲ့အနက်မှာ ၆၂၈၂၄ ယောက် ဖြေဆိုမှုရှိခဲ့တာဖြစ်ကြောင်း ၊ ပျက်ကွက်ဦးရေ ၈၄၉ ယောက်သာရှိခဲ့တယ်လို့ နစက ဖြေကြားမှုအရသိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေတဲ့ကျောင်းသားကျောင်းသူတွေဟာ စစ်ကိုင်းတိုင်း ၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းအတွင်းက ဖြစ်ပါတယ်။
" ဒီနေ့စဖြေနေပြီ။ မြန်မာစာတော့ ဖြေနိုင်တယ်။ပထမ တကြိမ်ထက်တော့ လွယ်တယ်။ မနက်ဖန် တော့ ဘယ်လိုလာမယ်မသိသေးဘူး ။ " ညောင်ဦးမြို့နယ်မှ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသူကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးတခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ မန္တလေးတိုင်းမှ ဖြေဆိုသူကျောင်းသားကျောင်းသူ ဦးရေ ၄၆၉၄၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းမှ ဖြေဆိုသူဦးရေ ၇၃၁၁ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ​ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်နဲ့ နေပြည်တော်ကစာဖြေလွှာတွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတာ ကြောင့် အဆိုပါ ေဒသကကျောင်းသား ကျောင်းသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ်ထပ်မံဖြေဆိုကြရတာဖြစ်ပါတယ်။
ဒုတိယအကြိမ် ထပ်ပြီးကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဒီနေ့ ဇွန် ၁၆ ရက်ကနေ ဇွန် ၂၁ ရက်နေ့အထိ နားရက်မရှိ ဆက်တိုက်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
ပထမအကြိမ် တနိုင်ငံလုံးအတိုင်းအတာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာတော့ ကျောင်းသားကျောင်းသူ ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန စာရင်းအရသိရပါတယ်။
ဓာတ်ပုံ - ပြန်ဆက်

image