အစ္စရေး-အီရန် တင်းမာမှုတွေကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကနေ ဒေါ်နယ်ထရန့် ပြန်လာ
ဝါရှင်တန်၊ ဇွန်-၁၇-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အစ္စရေးနဲ့အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကနေ အစောတလျင် ပြန်လာမယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဆက်လက်တင်းမာနေတာကြောင့် သမ္မတထရန့်ဟာ ဒီကနေ့ ညနေပိုင်းမှာ ကနေဒါကနေ အမေရိကန်ပြန်လာမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အရှေ့အလယ်ပိုင်အရေးနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးလုပ်ဖို့ ထရန့်က တောင်းဆိုထားပေမယ့် အီရန်အပေါ် အစ္စရေးရဲ့ ထိုးစစ်မှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အီရန်မြို့တော် တီဟီရန်ကနေ ချက်ချင်း ရွေ့ပြောင်းကြဖို့ ဒေါ်နယ်ထရန့်က တိုက်တွန်းထားပြီး သိပ်မကြာခင်မှာပဲ တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြို့မှာလမ်းတွေပိတ်ဆို့နေပြီး ဒေသခံ ၁၀ သန်းကတော့ ပြီးခဲ့တဲ့ရက်တွေကတည်းက တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။
တနင်္လာနေ့ မနက်အစောပိုင်းကတော့ အစ္စရေးဟာ အီရန်နိုင်ငံပိုင်သတင်းဌာနကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးမှာတော့ လေကြောင်းရန်အချက်ပေးသံတွေ မကြခဏ သတိပေးထုတ်လွှင့်နေပေမယ့် အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ထူးထူးခြားခြား ပျက်စီးမှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အီရန်ကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၂၂၄ ယောက်သေဆုံးခဲ့ပြီး အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန်နျူကလီးယား စက်ရုံတွေ၊ စစ်ဘက်ဆိုင်ရာနေရာတွေအပြင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့ နျူကလီးယားပညာရှင်တွေပါ သေဆုံးခဲ့ပြီး နှစ်ဖက်အကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
