အမေရိကန် လေယာဉ်တင်သင်္ဘော နီမစ်ဇ်ကို အရှေ့အလယ်ပိုင်းစေလွှတ်ပြီး ဒေသတွင်းမှာ စစ်အင်အားဖြည့်
ဝါရှင်တန်၊ ဇွန်-၁၇-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်နီမစ်ဇ်သည် ဗီယက်နမ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် အစ္စရေး-အီရန် ပဋိပက္ခတွေကြောင့် တင်းမာမှုတွေမြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို ဦးတည်ခုတ်မောင်းနေပါတယ်။
ပဋိပက္ခတွေအရှိန်မြင့်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ်စစ်အင်အားတွေ စေလွှတ်မယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း ကြေညာထားပါတယ်။ ယူအက်စ်အက်စ်နီမစ်ဇ်ဟာ စင်ကာပူစံတော်ချိန်ည ၉ နာရီ ၄၅ မိနစ်မှာ မလက္ကာရေလက်ကြားကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာဘက်ကို ဦးတည်ခုတ်မောင်းသွားပြီလို့ ဆိုပါတယ်။
လေယာဉ်တင်သင်္ဘောဟာ ကနဦးမှာတော့ ဇွန် ၁၉ ရက်ကနေ ၂၃ ရက်ထိ ဗီယက်နမ်နိုင်ငံ ဒါနန်းကိုလာရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဗီယက်နမ်အရာရှိတွေကလည်း အတည်ပြုပြောဆိုထားပါတယ်။
အရေးပေါ် စစ်ဆင်ရေးလိုအပ်ချက်ကြောင့် ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာလို့ အမေရိကန်သံရုံး တာဝန်ရှိသူက ပြောပါတယ်။ အမေရိကန်ရဲ့ခံစစ်အနေအထားကို မြှင့်တင်ဖို့ အရှေ့အလယ်ပိုင်းမှာ စစ်အင်အားတိုးချဲ့ချထားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ချ်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေအားလုံးကို အကာအကွယ်ပေးဖို့က မိမိတို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပြီး ဒီတပ်ဖြန့်မှုတွေက ဒေသတွင်းမှာ အမေရိကန်စစ်တပ်ရဲ့ ခံစစ်အနေအထားကို မြှင့်တင်ဖို့ရည်ရွယ်တယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အစ္စရေးက အီရန်ရဲ့နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ နျူကလီးယားပညာရှင်တွေ သေဆုံးခဲ့ကာ အရပ်သာ ၂၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီအတောအတွင်း အီရန်နိုင်ငံမြို့တော် တီဟီရန်က ဒေသခံတွေအားလုံး ဘေးလွတ်ရာပြောင်းကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလာပြီး နာရီပိုင်းအကြာမှာတော့ တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အီရန်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်နေပြီး တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ကနေဒါကို ရောက်နေတဲ့ ဒေါ်န်ထရန့်ဟာ အမေရိကန်ကို ချက်ချင်းပြန်လာခဲ့တယ်လို့ အိမ်ဖြူတော်က အတည်ပြုထားပါတယ်။
