အခုနောက်ပိုင်းမှာ ထပ်တလဲလဲ ကြိုးစားယူနေတဲ့အရာတစ်ခုက အငုံ့စိတ် ကင်းနိုင်ဖို့ပါပဲ ။ မနာလိုစိတ်တွေ မုဒိတာ မပွားနိုင်တဲ့ စိတ်တွေကို သတိထားပြီး ဆင်ခြင်နေထိုင်ဖြစ်တယ် ။
အခြားသူရဲ့ အောင်မြင်မှု ပြည့်စုံမှုတွေကို မနာလိုရှူစိမ့် မဖြစ်ရအောင် ၊ မဝေဖန်မိအောင် အထင်မသေးမိအောင် နေပါတယ် ။ ကိုယ် သဘောမကျဘူးဆိုရင် ကျော်သွားလိုက်တယ် ။ သဘောကျရင်တော့ ငြိမ်ငြိမ်သက်သက်ပဲ အားပေးဖြစ်တယ် ။
ကိုယ်မကြိုက်လို့ ဒါကြီးက အပေါစားပါ အဖြစ်မရှိတဲ့ဟာ ဆိုပြီး မပြောဘူး ။ ကိုယ်နှစ်သက်တဲ့ အရာကိုလည်း ဒါကမှ ကောင်းတာ ငါလုပ်တာမှ အဟုတ် ဆိုပြီးလည်း ဂုဏ်ဆာမပြဘူး ။ အောင်မြင်နေတာကို သူအောင်မြင်သားပဲလို့ မြင်ပေးပြီး သူလှနေတာကို လှနေသလိုပဲ ကြည့်တယ် ။
အငုံ့စိတ်ဆိုတာ အောင်မြင်နေတာကို မြင်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် အောက်ဖဲလှန်ချင်တယ် ၊ ဝေဖန်ချင်တယ် ၊ အပြစ်ပြောချင်တယ် ။ သူ့မကောင်းကြောင်း အတင်းပြောချင်တယ် ။
အငုံ့စိတ်တွေ ဘယ်ကဖြစ်သလဲဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းလို့တဲ့ ။ ကိုယ် လုပ်နေတဲ့အလုပ်ကို ဖြစ်ဖြစ်မြောက်မြောက်လုပ်တယ် ၊ အဆင်ပြေတယ်ဆို အခြားဘယ်သူ့ရဲ့ Career ကိုမှ လိုက်ဝေဖန်နေဖို့ မလိုဘူးမဟုတ်လား ။
ပင်လယ်ရေဟာ တစ်ယောက်တည်း သောက်လို့မှမကုန်ပဲ လူတိုင်း အောင်မြင်လို့ရတယ် ၊ ချမ်းသာလို့ရတယ် ၊ ကြိုးစားလို့ရတယ် ။ အငုံ့စိတ်များတဲ့သူဟာ ကိုယ်တိုင်လည်း မတိုးတက်ဘူး ။ အကြည်ဓာတ်လဲ မရဘူး ၊ အမြဲ ပူလောင်နေကြတာ ။ တပါးသူရဲ့ အဆင်ပြေမှုတိုင်းက သူတို့အတွက် ပြဿနာ တစ်ခုလိုပဲ ၊၊ ကိုယ့်အတွက်လည်း အကျိုးမရှိပဲလေ ။
လူဆိုတဲ့အမျိုးက အနည်းနဲ့အများ အငုံ့စိတ်က ရှိတတ်တာပဲ ။ ဒီအငုံ့စိတ်ကို ပွားမလာရအောင်သာ သတိကပ်နေရတယ် ။ မဟုတ်ရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ။
စိတ်ဟာ အမြင့်ပိုင်းကို ရောက်လေ လွတ်လပ်လေပါပဲ " တဲ့ ။ နောက်ပိုင်း ဒီစကားလေးအတိုင်း ပြုမူနေထိုင်တယ် ။ လူ့လောက အပူတွေထဲ ငြိမ်သက်အေးချမ်းမှု ရဖို့ဆိုရင် ကိုယ်ဟာ ဘယ်နေရာ ဘယ်အဆင့်မှာပဲ ရှိနေနေ စိတ် ကတော့ အမြင့်ပိုင်းမှာ ထားတတ်ဖို့လိုပါလိမ့်မယ် ။
#tharhtwe
#catchandrelease
