#စက်သုံးဆီဈေးနှုန်း
ဒီတပတ် စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရေနံစိမ်းကလည်း တစည်ကို ၆၇ ဒသမ ၈၂ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးက အီရန်ကို တိုက်ခိုက်လိုက်တဲ့အတွက် တကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာနေတယ်။ ဒီရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့ရွှေနဲ့ ရေနံစျေးတွေ အတက်ဘက်ကို ဦးတည်နေတာ။ အစ္စရေး - အီရန် ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဇွန် ၁၃ ရက် (သောကြာနေ့) မှာ ရေနံစိမ်းဈေးက ၇ ရာခိုင်နှုန်းကျော် ခုန်တက်ပြီး ဈေးပိတ်သွားတယ်။ ဒါကြောင့် ပြည်တွင်းက စက်သုံးဆီ ဈေးနှုန်းတွေလည်း အတက်ဘက်ကို ပြန်ရောက်လာတာ။ နောက်တပတ်မှာလည်း အတက်ဘက်ကို ဆက်သွားနိုင်ခြေ ရှိနေတယ်” လို့ ဈေးကွက်ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၈၅၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၉၀ ကျပ်ဆိုပြီး ဇွန် ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၈၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၃၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၅၀ ကျပ်ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅ ကျပ်၊ ၉၅ တလီတာ ၂၀ ကျပ်၊ ဒီဇယ် တလီတာ ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၀ ကျပ်နဲ့ အသီးသီး ဈေးပြန်တက်လာပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။